Spread the love

ရန်ကုန်၊သြဂုတ်(၇)

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့ရွာတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတာကို ဟန့်တာပေးဖို့ တရုတ်နိုင်ငံ ကို အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို ညီနောင်သုံးဖွဲ့ တောင်းဆိုထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှာ ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ပါဝင်ပြီး ၂၀၁၉ ဇွန်လမှာ စတင်ဖွဲ့စည်းခဲ့ကာ ၁၀၂၇စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ပိုပြီးထင်ရှားလာတဲ့ အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပေါင် ၅၀၀ ဗုံး အပါအဝင် ဖျက်အားပြင်းဗုံးတွေသုံးပြီး တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့ရွာတွေရှိတဲ့ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ အပါအဝင် လူနေအဆောက်အအုံတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားပြည်သူတွေကို သတ်ဖြတ်နေတာဟာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တဲ့အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ကပြောပါတယ်။

အဲ့ဒီလိုစစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဖျက်အားပြင်းဗုံးတွေသုံးပြီး လေကြောင်းကနေ ကြဲချတိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ အသက်ဆုံးရှုံးတာတွေ နေ့စဉ်ဖြစ်ပေါ်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးနောက် စစ်ကောင်စီ လုံးဝကင်းစင်သွားပြီဖြစ်တဲ့ ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကင်းဝေးစေဖို့အတွက် လမ်းညွှန်ထားတဲ့အတိုင်း နေထိုင်သွားလာကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် လေကြောင်းကနေ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ နှစ်ထောင်လောက် သေဆုံးပြီး လေးထောင်နီးပါ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *