Spread the love

ရန်ကုန်၊သြဂုတ်(၉)

မဘသ ဆရာတော်၊ စစ်တပ်ထောက်ခံသူ၊ မြန်မာနိုင်ငံက မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးဝီရသူ က ခင်ဗျားတို့ အဘက ဝေသန္တရာ ဝင်စားလား မသိဘူးလို့ စစ်တပ်နဲ့ ထောက်ခံသူတွေကို မေးခွန်းထုတ်လိုက်ပါတယ်။

“စစ်တိုင်းမှူးတွေကို ပြောချင်ပါတယ်၊ ခင်ဗျားတို့ အဘက ဝေသန္တရာ ဝင်စားလား မသိဘူး။ အလှူအတန်း တအားရက်ရောတာ။ တစ်မြို့ပြီး တစ်မြို့လှူနေတာ ခင်ဗျားတို့သိရဲ့လား။ ခင်ဗျားတို့အဘကို ခင်ဗျားတို့ သေချာပြတ်ပြတ်သားသားမေး။ ဒီမြို့ကိုရော လှူဖို့ စာရင်းထဲပါသေးလား။ ပါတယ်ဆိုရင် ကျနော်တို့ ကြည်ကြည်ဖြူဖြူ လှူလိုက်ပါ့မယ်။ ကျနော်တို့ ခုခံကာကွယ်နေတာက အဘရဲ့ အလှူဒါနကို အနှောင့်အယှက်ဖြစ်နေသလိုမျိုး ကြန့်ကြာအောင် ဆွဲထားသလိုမျိုးဖြစ်နေတယ် ” လို့ အခုလ(သြဂုတ် ၈)ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှုတရားတော်မှာ သူကပြောဆိုခဲ့တာပါ။

ဦးဝီရသူ မျက်နှာပါတဲ့ ဓါတ်ပုံကို The Face of Buddhist Terror အဖြစ် ၂၀၁၃ ခုနှစ် ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်း မှာဖော်ပြခဲ့ပြီး စစ်တပ်ကို အစဉ်အမြဲထောက်ခံခဲ့တဲ့ ဦးဝီရသူ ဟာ လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို အခုလိုဝေဖန်ပြောခဲ့တာ ဖြစ်ပါတယ်။

“ခင်ဗျားတို့တတွေက ကိုယ့်မြို့မကျရေး ၊ ကိုယ့်တပ်မကျရေး ခုခံကာကွယ်တာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့ သိထားရမှာက ခင်ဗျားတို့ရဲ့အဘ တကယ်စစ်တိုက်ချင်တာလား၊ တကယ်စစ်အောင်ချင်တာလား တကယ်စစ်နိုင်ချင်တာလား။ တကယ်တပ်တွေ မြို့တွေကို လုံခြုံစေချင်တာလား ခင်ဗျားတို့ ပြန်စဉ်းစားဦး အမိန့်နာခံမှု သစ္စာနာခံမှုဆိုတဲ့ စစ်စည်းကမ်းတွေနဲ့ တသွေမတိမ်း လျှောက်လုပ်နေတယ်၊ အဲဒီတော့ ခင်ဗျားတို့တင်မကဘူး၊ ခင်ဗျားတို့ လက်အောက်က စစ်သားတွေပါ အကုန်သေကြရတာ၊ စစ်သားတွေရဲ့ မိသားစုတွေပါ ဘဝပျက်ကြရတာ၊ အသက်သေကြရတာ” လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ဆုံးရှုံးနေတာနဲ့ အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှုဆိုတဲ့ အလံတော်ကြီးကို ကမ္ပည်းထိုးလိုက် ကြားလေရာ အရပ်ရောက်လေရာ ဒေသကနေပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ရေစက်ချပေးပါ့မယ် လို့ သူကပြောဆိုခဲ့ပါသေးတယ်။

စစ်ကောင်စီက ဦးဝီရသူ အပါအဝင် အာဏာရှင်အဆက်ဆက် ပါဝင်ခဲ့သူတွေကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ဘွဲ့တံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *