Spread the love

ရန်ကုန်၊ ဩဂုတ် (၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ထောင်ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသား အပါအဝင် တခြားပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတွေကို သာယာ၀တီထောင် အာဏာပိုင်တွေက အကြောင်းပြချက်မရှိဘဲ ညှင်းပန်းနှိပ်စက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့မှာ ပြောပါတယ်။

“ဦးချိုး(အကြောက်တရားသွင်း)သည့် အနေဖြင့် ထောင်အဝင်နှင့် ထောင်ဗူးဝ၌ ရိုက်နှက်မှုများကို စတင်ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်တို့သည် ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့” တယ်လို့ သူတို့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်း ပြစ်မှုကျူးလွန်တာ မရှိဘဲ ခြေကျင်းခတ်ထားတာ၊ တိုက်ပိတ်ထားတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတွေကို “လူသားတစ်ယောက်အနေဖြင့် သဘောမထားဘဲ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပက်သက်၍ ကျူးလွန်သူများကို ထိုက်တန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပေါ်ပေါက်သည်အထိ ‌လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျန်ချိုးဖောက်ခံနေရမှုများကိုလည်း” ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့မှာ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *