Spread the love

ရခိုင်၊ ဩဂုတ် (၁၉)

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲ တိုက်ခိုက်မှာဖြစ်လို့ ဒေသခံပြည်သူတွေကို ထွက်ခွာကြဖို့ အသိပေးထားပေမယ့် မနေ့ကအထိ ပေကပ်နေထိုင်နေတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ရှိနေသေးတယ်လို့ အာရက္ခတပ်တော် ကပြောပါတယ်။

“ဖက်ဆစ် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ လက်သပ်မွေးထားသူများ၊ ဖက်ဆစ် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်မူဆလင် အကြမ်းဖက်အုပ်စုများ၊ ARSA ၊ RSO ၊ ARA အစရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၊ အထက်ဖော်ပြပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်နေသော မိသားစုဝင်များ၊ ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အတင်းအဓမ္မ ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူလူထုများ နှင့် ပေကပ်နေထိုင်လိုကြသော သူများ စသည့်အုပ်စုများအဖြစ် တွေ့ရှိ” ရတယ်လို့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲကို တိုက်ခိုက်နိုင်ဖို့အတွက် ဒေသခံပြည်သူတွေကို ပြီးခဲ့တဲ့ ဇူလိုင် (၁၆) ရက်နေ့ထဲက မောင်တောမြို့ထဲက ထွက်ခွာသွားဖို့ အာရက္ခတပ်တော်က အသိပေးထားပေမယ့် မနေ့ကအထိ စစ်ကောင်စီလက်အောက်ခံတွေက လိုက်နာမှုမရှိဘဲ ပေကပ်နေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလ ဩဂုတ်လ (၁၆) ရက်နေ့ကလည်း မောင်တောမြို့ထဲက မောင်တောနာရီစင် အနီးဝန်းကျင်၊ အရှေ့တောင်ဘက်နဲ့ မောင်တောမြို့အဝင် စတဲ့နေရာတွေမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *