Spread the love

ရန်ကုန်၊ ဩဂုတ် (၂၂)

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးက ရှည်လျားတဲ့ သမိုင်းကြောင်းတွေရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ထားတဲ့ နိုင်ငံတွေဖြစ်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်စေဖို့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မနေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးပွဲမှာ သူကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ၊ နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ ကိစ္စရပ်တွေ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကိစ္စရပ်တွေကို အခုထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာမျက်နှာစာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ရပ်တည်ပေးနေသလို ဆက်လက်ပြီးလည်း ထောက်ခံအားပေးပါလို့ သူက တောင်းဆိုခဲ့ပါသေးတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံမှာ စစ်ကောင်စီက တရားဥပဒေစိုးမိုးမှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေတွေကို ဆက်လက်ချိုးဖောက်နေသလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေကို ကျူးလွန်နေလို့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ မရရှိနိုင်ဘဲ ဖြစ်နေတယ်လို့ မနေ့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *