Spread the love

ရန်ကုန်၊ ဩဂုတ် (၂၂)

မြန်မာနိုင်ငံက ပြဿနာတွေကို ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မယ့် ပံ့ပိုးကူညီလိုတဲ့ နိုင်ငံတွေကို ကြိုဆိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

“ပြဿနာအား ဖြေရှင်းမည့် မည်သည့်အစီအစဉ်မဆို မြန်မာပြည်သူများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိရန်လိုပြီး၊ ရေရှည်တည်တံ့သော အဖြေဖြစ်ရေးအတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ရန် အလွန်အရေးကြီး၊ လက်ရှိအခြေအနေတွင် မြန်မာပြည်သူများ အထူးလိုအပ်နေသည်မှာ နိုင်ငံတကာအသိုက်အဝန်း၏ လက်ငင်း၊ တိကျပြတ်သားသော အရေးယူဆောင်ရွက်မှုပင်” ဖြစ်တယ်လို့ မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြုလုပ်ခဲ့တဲ့ တံခါးဖွင့်အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေးကို ကူညီပေးမယ့် နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို အလေးအနက်ထား နားထောင်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်ဆန္ဒကို ရိုးသားစွာလေးစားကြဖို့ လိုတယ်လို့ သူကပြောပါတယ်။

“မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို မြန်မာပြည်သူများထက် မည်သူတစ်ဦး တစ်ယောက်ကမျှ ပို၍ သိရှိနားလည်နိုင်မည်မဟုတ်၊ မိမိတို့ထက် မည်သူ့ကမျှ မြန်မာနိုင်ငံအား ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသော နိုင်ငံ ဖြစ်စေလိုသည့်ဆန္ဒ သာလွန်ကိန်းဝပ်နေမည်မဟုတ်” လို့ သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *