ရန်ကုန်၊ ဩဂုတ် (၂၆)
မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြဖို့ သက်ဆိုင်သူအားလုံးကို ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ကပြောပါတယ်။
ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခုကို ဆန္ဒပြင်းပြနေတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံမှု မပြောင်းမလဲ တည်မြဲနေတယ်လို့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အောက်မေ့သတိရခြင်း ခေါင်းစဉ် ထုတ်ပြန်ချက်မှာ သူက အခုလို ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုအသိုက်အဝန်းတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေ ရင်ဆိုင်တွေ့ကြုံနေကြရတဲ့ အခက်အခဲတွေကို ပိုမိုဆိုးရွားနေတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။