Spread the love

ရန်ကုန်၊ ဩဂုတ် (၂၈)

ငွေကြေးတန်ဖိုး ကျဆင်းမှုတွေနဲ့အတူ အထွေထွေ အကြပ်အတည်းတွေကို မွန်းကြပ်စွာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို စစ်ကောင်စီက ဒုက္ခတွေ အထပ်ထပ်ပေးနိုင်ဖို့ အချိန်နဲ့အမျှ စဥ်းစားနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

“ဒီစစ်အုပ်စု ကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ကျွန်တော်တို့ ပြည်သူတွေ အသက်ဝဝ ပြန်ရှုနိုင်ကြမှာ ဖြစ်တယ်။” လို့ ဩဂုတ်လ (၂၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရှေ့နှစ်အတွင်းမှာဆိုရင် စစ်အုပ်စုက နောက်ဆုံးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာ ဖြစ်လို့ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ နိုင်ငံတစ်ချို့လည်း ရှိနေတာကြောင့် သူတို့ကလည်း ရတဲ့နည်း နဲ့ လုပ်ဆောင်လာမှာဖြစ်လို့ ဒါကို သေသေချာချာ ထည့်သွင်း စဥ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင် ထားကြဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက်မှာ မကြာခဏဆိုသလို အထွေထွေရွေးကောက်ပွဲကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် အခုချိန်ထိ ရက်အထိအကျကို ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *