Spread the love

စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်းက သဖန်းသာကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ယောက် အပါအဝင် စုစုပေါင်း ပြည်သူ (၁၂) ယောက်သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး (၄) ယောက် ပါဝင်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာအုပ်စု၊ သဖန်းသာကျေးရွာက စျေးဆိုင်တန်းအနီးမှာ တိုက်ပွဲဖြစ်နေတာ မရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သဖန်းသာကျေးရွာက စုစုပေါင်း ပြည်သူ (၁၂) ယောက် သေဆုံးခဲ့ကာ ပြည်သူ (၅) ယောက် ဒဏ်ရာရှိခဲ့ပြီး နေအိမ် (၁၀) လုံးလည်း ပျက်စီးခဲ့သလို စျေးဆိုင်တွေနဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ ပြည်သူစုစုပေါင်း ၇၀၀၀ ကျော် ရှိခဲ့ပြီး အဲ့ဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် သေဆုံးသူ အရေအတွက် စုစုပေါင်း ၂၀၀၀ ကျော် ပါဝင်နေတယ်လို့ NUG ရဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အခုနှစ် စက်တင်ဘာလ ပထမအပတ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကြောင့် အမျိုးသမီးတွေ ဘယ်လောက်သေဆုံးခဲ့ရပြီလဲ

အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းမှာတော့ စစ်ကောင်စီက ဆန္ဒထုတ်ဖော်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေကို သတ်ဖြတ်ခဲ့သလို အာဏာသိမ်းပြီးနောက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း သေဆုံးရတဲ့ အမျိုးသမီးတွေ ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီကြောင့် သေဆုံးသူ အမျိုးသမီး စုစုပေါင်း ၁၅၇၀ ယောက် ရှိခဲ့ပါတယ်။

သေဆုံးသူ အမျိုးသမီး ၂၀၂၁ ခုနှစ်မှာ ၁၀၆ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၃၁၄ ယောက်၊ ၂၀၂၃ ခုနှစ်မှာ ၅၉၉ ယောက်နဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့အထိ အမျိုးသမီး ၅၅၁ ယောက် သေဆုံးခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က “အခုရက်သတ္တပတ်များအတွင်းမှာ မုန်တိုင်းရဲ့ ရိုက်ခက်မှုတွေ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ကျွန်တော်တို့ရဲ့ ပြည်သူများဟာ အင်မတန်မှ ဒုက္ခရောက်နေကြရတာ ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာတောင်မှ ပြည်သူကို ကူညီဖို့ စဉ်းစားတာမျိုးမရှိဘဲ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေကို အရင်ကာလထက်ပိုမိုပြီး ဆောင်ရွက်လာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လက်ရှိအခြေအနေ တွေကို လုံးဝထည့်တွက်ခြင်း မရှိဘဲ ရန်သူဟာ ရန်သူပီသအောင် အမြဲတမ်း ဆောင်ရွက်နေတယ်ဆိုတာကို သတိချပ်ဖို့ လိုအပ်တယ်။” လို့  ပြီးခဲ့တဲ့ စက်တင်ဘာ (၂၄) ရက်နေ့က ပြုလုပ်တဲ့ NUG အစည်းအဝေးမှာ ထောက်ပြခဲ့ပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာ တစ်ရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီက အရပ်သားတွေအပေါ်မှာ ရက်စက်စွာ သတ်ဖြတ်နေတဲ့အပေါ်  ပြင်းထန်စွာ ရှုတ်ချပြီး စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အားလုံးနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ှက်ဖြစ်စေ ပါဝင် ပတ်သက်သူတွေကို တရားဥပဒေရှေ့မှောက်ကို အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှု ပြန်လည်ရရှိနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဗျိုင်းဖြူရွာ တစ်ရွာလုံး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပြီးနောက်မှာ အခုလို ပြောကြားခဲ့ပါသေးတယ်။  

အခုနှစ် ၂၀၂၄ ခုနှစ် မေလ (၂၉) ရက်နေ့က ဖြစ်ခဲ့တဲ့ ဗျိုင်းဖြူရွာက အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ အမျိုးသမီး (၃) ယောက် အပါအဝင် စုစုပေါင်း ပြည်သူ (၅၁) ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“ထိုစာရင်းဇယားအရ နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အနစ်နာခံပေးဆပ်မှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးများကို စစ်လက်နက်သဖွယ် အသုံးချနေသည့် အကြမ်းဖက်မှုများကို ကာကွယ်ရန် အမျိုးသမီးများကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရ” မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် အခုနှစ် ၂၀၂၄ ခုနှစ် မတ်လအထိ စစ်ကောင်စီ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး အရေအတွက် စုစုပေါင်း ၅၃၃၉ ယောက်ရှိနေပြီး အဲ့ဒီထဲမှာ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်ထိ ၁၁၁၈ ယောက်နဲ့ အသက် (၁၈) နှစ်အောက် ၁၁၄ ယောက် ပါဝင်နေပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်အာဏာရှင်စနစ်ဆိုးနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ဒဏ်တွေကို အများဆုံးခါးစည်းခံနေရတာ မြန်မာပြည်သူလူထုတစ်ရပ်လုံး၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ လူငယ်တွေ ဖြစ်တယ်လို့ အခုလ အောက်တိုဘာ (၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂဌာနချုပ်၌ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်သူ ၁၈.၆ သန်း ကျော်က လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အရေးတကြီး လိုအပ်လျက်နေပြီ အဲ့ဒီထဲက တစ်ဝက်ကျော်က အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီကြောင့် ကလေးငယ်တွေ ဘယ်လောက်သေဆုံးခဲ့ရပြီလဲ

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၉) ရက်နေ့က ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ ခါလိန်ကျေးရွာကို စစ်ကြောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် (၇) နှစ်အရွယ် ကလေးတစ်ယောက်၊ အမျိုးသမီးတစ်ယောက် အပါအဝင် စုစုပေါင်း ပြည်သူ (၃) ယောက်သေဆုံးခဲ့ပါတယ်။

ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တွေက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်နေတာတွေနဲ့ အရပ်သားတွေကို လေကြောင်းကနေ နေ့စဥ်ဗုံးကြဲ သတ်ဖြတ်နေမှုတွေဟာ အင်မတန်မှ ယုတ်ညံ့လွန်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က အခုနှစ် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့ NUG အစည်းအဝေးမှာ ပြောပါတယ်။

“စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို ကျွန်တော်တို့ဟာ ပြည်သူတွေဘက်ကနေ အစွမ်းကုန် ခုခံကာကွယ်နေသလို၊ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့လည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။” သူက ပြောပါတယ်။

ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ အနေနဲ့လည်း မြန်မာပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် ဖြစ်အောင် ကူညီလုပ်ဆောင်နေဖို့ မျှော်လင့်ရပါတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

“အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေး ကိစ္စရပ်တွေဟာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့ကိုလည်း” သူက အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီကြောင့် သေဆုံးသူ ကလေးငယ် စုစုပေါင်း ၈၆၉ ယောက် ရှိခဲ့ပါတယ်။

(၃) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီကြောင့် သေဆုံးသူ ကလေးငယ် စုစုပေါင်း ၈၆၉ ယောက်ထဲမှာ သေဆုံးသူယောက်ျားလေး ၃၀ ဒသမ ၇ ရာခိုင်နှုန်း၊ သေဆုံးသူမိန်းကလေး ၅၈ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ကျား၊မ မဖော်ပြနိုင်သူ ၁၀ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

သေဆုံးသူ ကလေးငယ် ၂၀၂၁ ခုနှစ်မှာ ၉၆ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၁၇၇ ယောက်၊ ၂၀၂၃ ခုနှစ်မှာ ၃၅၅ ယောက်နဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့အထိ ကလေးငယ် ၂၄၂ ယောက် သေဆုံးခဲ့ပါတယ်။ 

စစ်ကောင်စီက အာဆီယံရဲ့ ဘုံသဘောတူညီချက် (5 Points Consensus) (၅) ချက်ကို လိုက်နာမှုမရှိသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669)၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေတွေ၊ စာချုပ်စာတမ်းတွေ၊ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသဆိုင်ရာလူ့အခွင့်အရေး သဘောတူစာချုပ်တွေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ်၊ ရောမဥပဒေသတွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေလို့ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးတွေကို လွှဲပြောင်းဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင်က တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်မှုတွေ လုပ်ဆောင်ရန်ဖို့နဲ့ မြန်မာစစ်တပ်ဆီကို လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နဲ့ ငွေကြေး စီးဆင်းမှု ရပ်တန့်ဖို့ အစဉ်တစိုက် တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

“မြန်မာနိုင်ငံတွင် လူမှုရေးအကာအကွယ်ပေးရေးအတွက် အာရုံစိုက်ရမည့်အစား ပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုရန်စွယ်မှ အကာအကွယ်ပေးရေး အတွက် ကူညီပေးရန် ကျယ်ကျယ်လောင်လောင် တောင်းဆိုနေရ၊ ပြည်သူများဒုက္ခခံစားနေရခြင်းနှင့် ဖြစ်ပေါ်နေသည့် အကျပ်အတည်းအတွက် အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတို့ပင်ဖြစ်၊ ယင်းဇစ်မြစ်ကို အပြီးတိုင် ချုပ်ငြိမ်းရန် လိုအပ်” တယ်လို့ သူက ထောက်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *