Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၁၇)

NLD အစိုးရဟာ ပြည်ပချေးငွေယူဆောင်ရွက်ထားတဲ့ စီမံကိန်းလုပ်ငန်းတွေ ပြီးစီးလုနီးပါအခြေအနေမှာ ရပ်တန်ခဲ့လို့ နိုင်ငံတော် အနေနဲ့ များစွာ နစ်နာခဲ့ရပြီး ပြည်ပချေးငွေတွေကို အဆမတန်ယူခဲ့လို့ နှစ်စဉ်ချေးငွေတွေ ပြန်ဆပ်နေရတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ တြိဂံဒေသတိုင်းစစ်ဌာချုပ် မိုင်းခတ်တပ်နယ် နဲ့ မိုင်းယောင်းတပ်နယ် က စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ပြီး ထောင်ပေါင်းများစွာသော ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို့ ပြည်သူတွေတင်မြှောက်ထားတဲ့ NLD ပါတီဝင်တွေကို ဖမ်းဆီးခဲ့တဲ့အတွက် တိုင်းပြည်တစ်ခုလုံး ဆူပူအုံကြွခဲ့ရသလို အစိုးရလုပ်ငန်းစဉ်တွေ အားလုံးရပ်ဆိုင်းသွားချိန်မှာ စစ်ခေါင်းဆောင် က စီမံကိန်းလုပ်ငန်းတွေကို NLD အစိုးရက ရပ်ဆိုင်းခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အရင်တပ်မတော် အစိုးရလက်ထက်မှာ ပြည်သူတွေ လိုလားတောင်းတနေတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပေမယ် ၂၀၁၅ ခုနှစ် NLD ပါတီ အနိုင်ရရှိခဲ့ပြီးနောက် အုပ်ချုပ်စဉ် အစောပိုင်းကာလတွေမှာ စတင်ကာဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သူကပြောဆိုလိုက်ပါတယ်။

ပြည်တွင်းထုတ်ကုန်တွေကို အားမပေးဘဲ ပြည်ပတင်သွင်းကုန်တွေကို ဦးစားပေးဆောင်ရွက်ခဲ့လို့ ကုန်သွယ်မှုလိုငွေများစွာ ရှိနေခဲ့ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၂၅) ဘီလီယံရှိခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ကုန်သွယ်မှုပိုငွေမရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုခဲ့ပါတယ်။