Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၇)

ကရင်နီပြည်နယ်(ကယား)၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်ကနေ လွိုင်လင်(ရှမ်း-ကယားနယ်စပ်) လမ်းမကြီးပေါ်ကို စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကားတွေကို လုံးဝဖြတ်သန်း သွားလာခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

“(၂၇) ရက် ဖေဖော်ဝါရီလ၊ ၂၀၂၂ ခုနှစ် မှစ၍ မည်သူမဆို (၁၂) ဘီး တွဲကားတွေ၊ ဆယ်ဘီးကားတွေ၊ အလုံပိတ်ကားတွေ၊ မှန်လုံကားတွေ၊ စစ်ကောင်စီနဲ့ စားနပ်ရိက္ခာအတွက်လည်းကောင်း၊ လက်နက်ခဲယမ်းအတွက်လည်းကောင်း သယ်ဆောင်သည့်ယာဉ်များ အားလုံး ရက်အကန့်အသတ်မရှိ လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုရန်” ဆိုပြီး KNDF- B14 က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ အရေးကြီးသွားလာရန် လိုအပ်ပါက အိမ်စီးကားတွေ၊ ဒန်ဘန်ကားတွေနဲ့ သွားလာနိုင်ပေမယ့် မှန်အလုံပိတ်ပြီး သွားလာတာ မပြုလုပ်ဖို့ကိုလည်း သူတို့က တိုက်တွန်းပြောဆိုထားပါတယ်။

KNDF- B14 ရဲ့ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်တာ မရှိပါက နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ KA၊ KNDF၊ PDF ပူးပေါင်းအဖွဲ့တွေက သတိပေးပြောကြားထားပါသေးတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်(ကရင်နီ) နယ်စပ်၊ မိုးဗြဲမြို့နယ် အနီးမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံပြည်သူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။