Spread the love

ရန်ကုန်၊ မတ် (၁)

ပြည်သူလူထုတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ စားနပ်ရိက္ခာစာရင်းတွေကို စနစ်တကျ စုဆောင်းထားပြီး မိသားစုဝင်တွေအတွက် (၃) ရက်စာ ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံဆေးဝါးတွေကို စနစ်တကျထုတ်ပိုး စုဆောင်းထားဖို့လိုတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

“ဆန်စပါး၊ ပြောင်းနှင့် ပဲအမျိုးမျိုးတို့အား စနစ်တကျ စုဆောင်း သိုလှောင်ထားရန်၊ ပြည်သူလူထု အချင်းချင်း အပြန်အလှန် မျှဝေကူညီမှုဖြင့် ကနဦး စားနပ်ရိက္ခာ ပြတ်လတ်မှုကို ကြားခံပေးရန်” လိုတယ်လို့ သူတို့က ပြောပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ အခုချိန်မှာ ဆန်ရေစပါး အများအပြား အသုံးပြုတဲ့ မွေးမြူရေးလုပ်ငန်း နဲ့ သရေစာထုတ်ကုန် လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းပေးဖို့ လိုတယ်လို့ သူတို့က မေတ္တာရပ်ခံထားပါတယ်။

ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာပြတ်လပ်ပါက နီးစပ်ရာ၊ ကျေးရွာကော်မတီ နဲ့ စစ်ဘေးရှောင် စခန်းကော်မတီတွေကို ချက်ခြင်း အကြောင်းကြားရမှာ ဖြစ်ပြီး သက်ကြီးရွယ်အို၊ နာမကျန်းလူနာ (၁၆) နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေကို ဦးစားပေးရမှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

အခုကာလမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ရရှိတာ ပိုမိုခက်ခဲလာပြီး ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းထက် ထောက်ပံ့ကြေး ရရှိတာ ပိုမိုနည်းပါးလာတာကို တွေ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေလို့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ပြည်သူ (၁၆၇,၈၀၀) ဝန်းကျင်နဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်သူ (၂၁၇,၉၀၀) ဝန်းကျင်ဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ တိမ်းရှောင်နေထိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။