Spread the love

ဝက်လက်နဲ့အရာတော်မှာနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်တပ်က ဒု-အရာခံဗိုလ် အပါအဝင် (၇) ဦးသေဆုံး၊ (၄) ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊မတ် (၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် နဲ့ အရာတော်မြို့ နယ်မှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်တပ်က ဒုအရာခံဗိုလ်အပါအဝင် အကြမ်းဖက်စစ်သား (၇) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း (၁) က ပြောပါတယ်။

မနေ့က(ဖေဖော်ဝါရီ ၂၈ ရက်) မနက်ပိုင်းက အရာတော်မြို့နယ်၊ ကူးတို့ကိုင်းရွာနဲ့ ဇရစ်ရွာကြားမှာ တစ်ကြိမ်၊ နေ့လည်ပိုင်းက ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာနဲ့ သမ္မာရိုးရွာကြားမှာ တကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။

ဆီကားနဲ့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေကို အရာတော်မြို့နယ် ကူးတို့ကိုင်းရွာ နဲ့ ဇရစ်ရွာကြားအရောက် ဆီကားပေါ်က အဆင်း မိုင်းဆွဲတိုက်ခိုက်လိုက်လို့ အကြမ်းဖက်စစ်သား (၄) ဦး သေဆုံးခဲ့ပါတယ်။

အလားတူပဲ ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာနဲ့ သမ္မာရိုးရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်သားတွေနဲ့ ရွှေပန်းကုံးရွာဘက်ကနေ ဆိုင်ကယ် (၃) စီးနဲ့ ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်လိုက်လို့ ဒုအရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦးသေဆုံးပြီး (၄) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – တပ်ရင်း (၁) ဆီက ပြောပါတယ်။

ရွှေပန်းကုံးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ ကင်းပန်းဝပ်နေတဲ့ စစ်သားတွေက ရမ်းကားပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။