Spread the love

ရန်ကုန်၊ မတ် (၂)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကျွန်းတောကျေးရွာ တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က (၂၄) ဦး သေဆုံးခဲ့ကာ တင့်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးတာဝန်ခံက ဒီနေ့မှာ ပြောပါတယ်။

ကျွန်းတောကျေးရွာမှာ တင့်ကားအပါအဝင် အင်အား (၁၀၀) ဝန်းကျင် တပ်ချနေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုတွေက မနေ့ နေ့လည်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် (၃) နာရီကြာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦးထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ်ကို နယ်မြေ စိုးမိုးနိုင်ဖို့အတွက် အင်အားအဆမတန် ဖြည့်တင်းလာတာကို သိရှိရတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ၊ မိဘပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ထပ်ဆင့် တိမ်းရှောင်ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးပြောကြားထားပါတယ်။