Spread the love

ရန်ကုန်၊ မတ်(၄)

ရုရှား ရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့အတွက် ပြည်ပနိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေ ယူကရိန်းနိုင်ငံထဲကို လာရောက်နေပြီ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီ က ပြောဆိုလိုက်ပါတယ်။

“ရုရှားကို ခုခံတိုက်ခိုက်ဖို့အတွက် ပြည်ပနိုင်ငံက စေတနာ့ဝန်လမ်းတွေ ယူကရိန်းကိုလာနေပါပြီ၊ ယူကရိန်း၊ ဥရောပ၊ ကမ္ဘာကြီးကို ကာကွယ်ဖို့ လာရောက်ပေါင်းစည်း ကြတော့မှာ ဖြစ်ပါတယ်” လို့ သမ္မတ ဗလာဒီမာ ဇီလန်စကီ က သူ့ရဲ့လူမှုကွန့်ယက်ကတဆင့် အသိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ကျူးကျော်စစ်ကို ခုခံဖို့အတွက် ပြည်ပနိုင်ငံက တိုက်ခိုက်ရေးသမားတွေကို မေတ္တာရပ်ခံ အကူအညီတောင်းခံပြီးတဲ့နောက်မှာ အခုလိုလာရောက်နေကြတာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေ၊ မိတ်ဆွေအစစ်အမှန်တွေဆီက နေ့တိုင်းဆိုသလို လက်နက်တွေ လက်ခံရရှိနေတဲ့အတွက်၊ ကျွန်တော်တို့ တစ်နေ့ထက်တစ်နေ့ ပိုပြီးအားကောင်းလာနေပါတယ်။ ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့လွတ်လပ်ရေးကလွဲလို့ ဘာမှဆုံးရှုံးစရာမရှိပါဘူး” လို့ သမ္မတ ဇီလန်စကီ က ပြောပါတယ်။

ယူကရိန်းပြည်သူတွေကလည်း စေတနာ့ဝန်ထမ်းတွေလာရောက်တဲ့အခါမှာ လက်နက်ပစ္စည်းတွေ သယ်ယူရမယ့် လမ်းကြောင်းတွေနဲ့ နယ်မြေဖြတ်သန်းပုံတွေကို လူမှုကွန်ယက်ကတဆင့် အသိပေးပြောကြားထားပါတယ်။

ပြည်ပနိုင်ငံတွေမှာ ရှိတဲ့ယူကရိန်းသံရုံးတွေမှာလည်း ရုရှားကို ပြန်လည်တိုက်ခိုက်ဖို့အတွက် စစ်မှုထမ်းဟောင်းတွေ၊ စေတနာဝန်ထမ်း တိုက်ခိုက်ရေးသမားတွေက လာရောက် စာရင်းပေးသွင်းနေတဲ့ အကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။