Spread the love

ရန်ကုန်၊ မတ် (၂၁)

နိုင်ငံ့အပေါ် သစ္စာမဲ့တဲ့ ဝန်ထမ်းတချို့က CDM ပြုလုပ်ခဲ့လို့ ကျန်းမာရေး၊ ပို့ဆောင်ရေး အပါအဝင် လိုအပ်တဲ့ နေရာစုံ ကဏ္ဍစုံတွေကို တပ်မတော်သားပညာရှင်တွေ နဲ့ သစ္စာရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေက ဝင်ရောက်ဖြည့်ဆည်း ဆောင်ရွက်နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောပါတယ်။

“ကိုဗစ် – ၁၉ တတိယလှိုင်း ကူးစက်မြန် Delta မျိုးကွဲ ပြင်းထန်စွာ ကူးစက် သည့်ကာလအတွင်း အခက်အခဲအကြပ်အတည်းမျိုးစုံကို ပြည်သူလူထု၊ သစ္စာရှိ နိုင်ငံ့ ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များ၏ စုပေါင်းအင်အားဖြင့် အောင်မြင်စွာ ဖြတ်ကျော်ခဲ့ ကြောင်း၊ ဆက်လက်၍လည်း စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲများနှင့် စိန်ခေါ်မှု များကို အောင်မြင်စွာ ဖြတ်ကျော်သွားမည်ဖြစ်ကြောင်း” မနေ့က ပြုလုပ်ခဲ့တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုင်းမောတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။

နိုင်ငံကို ပျက်စီးစေလိုတဲ့ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်တွေအနေနဲ့ အလုံးစုံပျက်စီးရေးကို ဦးတည်ဆောင်ရွက်နေရှိပြီး အစိုးရယန္တရား ရပ်တန့် စေဖို့၊ နိုင်ငံ့ဝန်ထမ်းတွေကို နည်းမျိုးစုံနဲ့ မြူဆွယ် ခြိမ်းခြောက် CDM ပြုလုပ်စေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဆူပူဆန္ဒပြခြင်း၊ CDM ပြုလုပ်စေခြင်းတို့ဖြင့် အောင်မြင်မှု မရသဖြင့် လက်နက်ဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်း ပစ်ခတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြောင်း၊ နောက်ဆုံးအဆင့်အဖြစ် တပ်မတော်ကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက်လုပ် ဆောင်နေမည်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ရှိပြီးသော စိတ်ဓာတ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း၊ ” သူက ပြောကြားခဲ့ပါတယ်။

Photo- CINCDS

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ CDM ဆရာဝန်တစ်ဦးကလည်း အခုလို တုံ့ပြန်ပြောဆိုပါတယ်။

CDM ပြုခဲ့တဲ့ ဆရာဝန်တွေဟာ စစ်အုပ်ချုပ်ရေး ယန္တရား၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု လက်အောက်ကနေ လွတ်အောင် ထွက်ပြေးကြတာဖြစ်ပြီး အခုချိန်အထိ ရောက်တဲ့နေရာမှာ ပုံစံမျိုးစုံနဲ့ လူနာတွေကို ဆေးကုသပေးနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဆရာဝန် အားလုံးအနေနဲ့ တွေးရင် သူတို့အုပ်ချုပ်မှုအောက်ကပဲ ပြေးလာတာလေ လူနာတွေကို မကုပေးတော့တာမှ မဟုတ်တာ။ အခုပြေးလာတဲ့ ဆရာဝန်တွေကလည်း သူတို့ရောက်တဲ့နေရာမှာ ဆက်ပြီးတော့ ပုံစံမျိုးစုံနဲ့ ဆေးကုပေးနေတာပဲ။ ကိုဗစ်တတိယလှိုင်းတုန်းကလည်း ကုပေးတဲ့ဆရာဝန်တွေ အောက်ဆီဂျင်တွေနဲ့အတူ ဖမ်းတောင်ဖမ်းခံထိတာလေ။ လူနာကို ဆေးမကုပေးတာ မဟုတ်ဘူး။ သူတို့လက်အောက်မှာပဲ မနေတာပဲရှိတာ။ တာဝန်ဝတ္တရား ပျက်ကွက်သွားတာလဲ မဟုတ်ဘူး။ CDM လုပ်တယ်ဆိုတာ သူတို့ရဲ့ ယန္တရားထဲကပဲ ထွက်သွားတာပါ။ ဆရာဝန် အလုပ်ကို ရပ်လိုက်တာ မဟုတ်ဘူး။ ” လို့ သူက C8 News ကို ပြောပြပါတယ်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ရုန်းထွက်ပြီး ပြည်သူအားကိုးထိုက်တဲ့ တပ်မတော်သားဖြစ်လိုပါက လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်ပြီး ပြည်သူနဲ့အတူရပ်တည်ပါက ဆုငွေ သိန်း (၅၀) ချီးမြှင့်ကာ ခိုလှုံခွင့်ပေးသွားမှာ ဖြစ်တယ်လို့ Salingyi Local Defense Force မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။