Spread the love

ရန်ကုန်၊ မတ် (၂၃)

နွေဦးတော်လှန်ရေး ကာလအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို မြို့ရော၊ တောပါ မကျန် ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဘော်အင်အားကလဲ သောင်းဂဏန်းကျော် ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ကို တန်ပြန်ခြိမ်းခြောက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

“ပြည်သူကို ကာကွယ်ရမည့်တပ်ဖွဲ့များ ဖြစ်တဲ့အားလျော်စွာ နေရာဒေသပေါင်းစုံမှ PDF တပ်ဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှာ တသွေးတသံတမိန့်ကွပ်ကဲမှုကို နာခံပြီး ကြီးမားတဲ့ စုစည်းမှုနဲ့ ပြည်သူ့ရန်သူ မင်းအောင် လှိုင်နဲ့အပေါင်းအပါတွေကို ချေမှုန်းရန်လို” တယ်လို့ သူက မနေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်ကို တင်းကြပ်စွာ လိုက်နာပြီး ပြည်သူကို ကာကွယ်တဲ့ တပ်ဖွဲ့၊ ပြည်သူ့အကျိုး သယ်ပိုးတဲ့ တပ်ဖွဲ့နဲ့ ပြည်သူတွေရဲ့ လေးစားမှု ယုံကြည်မှု ခံယူတဲ့ တပ်ဖွဲ့တွေဖြစ်အောင် အမြဲကြိုးစား၊ ထိန်းသိမ်းကြဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေး NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

PDF တွေကလဲ “NUG သည် မိမိတို့၏ ဦးခေါင်းဖြစ်ပြီး PDF များသည် တော်လှန်ရေး၏ ကိုယ်ထည်ဖြစ်သည်ဟု ခံယူပြီး တိုက်ပွဲဝင်နေကြောင်း ယခုအချိန်ကတည်းက စတင်ပြီး တောင်ပေါ်မြေပြန့်မခွဲပဲ ပြည်သူလူထုကို ကာကွယ်မည်ဟူသည့် စိတ်ဖြင့် တစ်စုတစ်စည်းတည်း တိုက်ပွဲဝင်လျက်ရှိကြောင်း” မတ်လ (၂၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အွန်လိုင်းတွေ့ဆုံပွဲမှာ အခုလိုပြန်လည် ဆွေးနွေးပြောကြားခဲ့တာပါ။

နိုင်ငံတော်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလဲ “ရှေ့လဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တစ်နှစ်ပြည့်တော့မှာ ဖြစ်တယ်၊ တစ်နှစ်အတွင်း ထိရောက် အောင်မြင်မှုတွေ ရှိသလို လိုအပ်နေဆဲ အရာတွေ အများကြီးရှိ တယ်၊ ရှေ့တစ် နှစ်အတွင်းမှာ တော်လှန်ရေး မြန်မြန် အဆုံးသတ်နိုင်ဖို့၊ ပြည်သူတွေကို ဒီထက်ပိုပြီး အကာအကွယ်ပေးနိုင်ဖို့ သေချာ စဉ်းစား စီစဉ်ကြရမှာ ဖြစ်တယ်” လို့ သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။