ရန်ကုန်၊မတ် (၂၈)
မနေ့က ကရင်ပြည်နယ်၊ ဝေါ်လေတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား (၆၁) ဦး သေဆုံးခဲ့တယ်လို့ Cobra Columnက ဒီကနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
“မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာအား မိမိတို့ Cobra စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၆၁) ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ စစ်သုံးပစ္စည်းများနှင့် လက်နက်ပစ္စည်းများစွာ ကျန်ရှိခဲ့ပြီး မိမိတို့ စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆက် လက်ပြုလုပ်လျက်ရှိပါသည်။”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသကို ဖြတ်သန်းပြီးတော့ ဖလူးကျေးရွာဘက်ကနေ ဝေါ်လေဘက်ကို ကျူးကျော်ဝင်ရောက်လာတဲ့ တပ်မ (၄၄)နဲ့ တပ်မ (၂၂) လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီ တပ်သား အင်အား ၄၀၀ ဝန်းကျင်ကို KNLA၊ DKBA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲဟာ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိကြာမြင့်ခဲ့ပြီး အထိအခိုက်အကျအဆုံးများတဲ့ အကြမ်းဖက်စစ်တပ်က Mi 2 ရဟတ်ယာဉ်၊ Mi 35 ရဟတ်ယာဉ် နှစ်စီးနဲ့ နှစ်ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။