Spread the love

ရန်ကုန်၊ ဧပြီ (၂၀)

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်က အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မနေ့ ဧပြီ (၁၉) ရက်နေ့က မိုးကြိုးပစ်ခံရလို့ သေဆုံးသူ အမျိုးသားဟာ အသက် (၃၉) နှစ်အရွယ်ဖြစ်ကာ ကံမမြို့နယ်၊ ပုညိုရွာသားတစ်ဦး ဖြစ်ပါတယ်။

“လေကြမ်းတိုက်ပြီး မိုးဖွဲနေတုန်း သစ်ပင်အောက်မှာ နေတဲ့အချိန် အပစ်ခံရတာ။ သစ်ပင်ရော လူရော အပစ်ခံရတာ။ မိုးက ဒီလောက်မဟုတ်ဘူး။ လေနီကြမ်းပတ်မွှေပြီး၊ မိုးဖွဲဖွဲမှာ ပစ်တာ။လေကြမ်းတိုက် လျပ်စီးမိုးကြိုးတွေများတာ သူတို့ ပုညိုရွာလယ်ပြင်ကွင်းမှာပဲ အပစ်ခံရတာ” လို့ ကံမမြိုနယ် ဒေသခံတစ်ဦးက C8 News ကို ပြောပါတယ်။

လေပြင်းတိုက်ခတ်ကာ မိုးရွာချိန် သစ်ပင်အရိပ်ကို ဝင်ရောက်ခိုနေချိန်မှာ သစ်ပင်ရော လူပါ မိုးကြိုးပစ်ခံရတာဖြစ်လို့ ပြင်ပဒဏ်ရာမရှိဘဲ လူခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းပြီး မဲတဲ့အနေအထားသာ တွေ့ရှိရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုးပစ်မှုကြောင့် ၂၀၁၉ ခုနှစ် မှာ လူ (၁၃၃) ဦး သေဆုံးခဲ့ကာ (၅၂) ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်မှာတော့ မိုးကြိုးပစ်မှုကြောင့် လူ (၆၂) ဦးသေဆုံးခဲ့ကာ (၂၆) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။

မိုးကြိုကာလနဲ့ မိုးနှောင်းကာလဟာ မိုးကြိုးဘေးအန္တရာယ် ပိုမိုဖြစ်ပွားတတ်ပြီး မိုးကြိုးပစ်မှုမှာ မွန်းတည့် (၁၂) နာရီကနေ ညနေ (၆) နာရီအတွင်း အဖြစ်များဆုံး ဖြစ်ကာ လျှပ်စီးလက်နေချိန် ဖုန်းအသုံးပြုခြင်း မလုပ်သင့်ဘူးလို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။