Spread the love

ရန်ကုန်၊ ဧပြီ (၂၃)

လာမယ့်အပတ် အင်္ဂါနေ့မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မော်စကိုမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

အလုပ်သဘောတွေ့ဆုံပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့နဲ့လည်း နေ့လယ်စာအတူစားမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာရီကာနီကိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ယူကရိန်းငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မယ့် အရာတွေကို ဆွေးနွေးသွားဖို့ မျှော်လင့်ရတယ်”လို့ အာရီ ကာနီကို က ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟာ လာမယ့် အပတ်ကြာသပတေးနေ့မှာပဲ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ယူကရိန်း ကို သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အတွင်းရေးမှူးချုပ်ဟာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလက်ဘာ၊ ကုလသမဂ္ဂအေဂျင်စီတွေက ဝန်ထမ်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အတွင်းရေးမှူးချုပ် ဂူတာရက်စ်က နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တွေကတဆင့် သီးခြားစာတစ်စောင်ဆီ ပေးပို့တောင်းဆိုခဲ့တာပါ။

စစ်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေ ဘေးကင်းစွာ ဖြတ်သန်းထွက်ခွာနိုင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့ Orthodox Easter ပွဲတော်အတွက် (၄) ရက်ကြာ အပစ်အခတ်ရပ်ဆဲပေးဖို့ အတွင်းရေးမှူးချုပ်ဂူတာရက်စ်က ပြီးခဲ့တဲ့ အင်္ဂါနေ့က တောင်းဆိုခဲ့ပါသေးတယ်။

“အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ သူ့ကိုယ်ပိုင်တောင်းဆိုချက်ကို ဂရုမစိုက်တဲ့အတွက် အလွန်စိတ်ပျက်မိမှာ မဟုတ်ပေမဲ့ အပစ်အခတ်ရပ်စဲရေးမရှိသေးဘဲ အရပ်သားတွေဟာ ပိတ်မိနေတဲ့နေရာတွေကနေ မထွက်ခွာနိုင်တဲ့အပြင် အကူအညီပေးဖို့အဆင်သင့်ဖြစ်နေတဲ့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေလည်း အဲဒီနေရာတွေကို ဝင်လို့မရဘူး” လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ သောကြာနေ့က ပြောပါတယ်။

အတွင်းရေးမှူးချုပ်က မောစကိုမြို့ကို သွားရောက်စဉ်အတွင်း အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဉရောပနိုင်ငံ ယူကရိန်းအပေါ် အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်တဲ့ ရုရှားကျူးကျော်မှုက လူပေါင်းထောင်ချီကို အသက်ဆုံးရှုံးစေခဲ့သလို ထိခိုက်ဒဏ်ရာလည်း ရစေခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေတဲ့ လူ ၁၂ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

Anna

Ref: Reuters “U.N. chief to meet Putin and Zelenskiy next week”