Spread the love

ရန်ကုန်၊မေ (၁၇)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အတွင်းရေးမှူးဖြစ်သူ ဦးစိုးစိုးဇော် ကို မနေ့ညနေပိုင်းက ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးစိုးစိုးဇော် ကို တိုင်းအစိုးရ အဖွဲ့ရုံးခန်းမှာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုသူတစ်ဦးက C8 News ကို ပြောပါတယ်။

လက်တလောအခြေအနေမှာ တိုင်းအတွင်းရေးမှူးဖြစ်သူ ဦးစိုးစိုးဇော်ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ C8 News သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပေ။

“အဂတိအမှုနဲ့ ဖမ်းတယ်လို့တော့ သိရတယ် ဘာကိစ္စလဲ ဆိုတာတော့ မသိသေးဘူး ” လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြို့တော်ဝန် ဦးဗိုလ်ဌေး နဲ့ စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦး တို့ကိုလည်း စစ်တပ်က မတ်လမှာ ဖမ်းဆီးခဲ့ပြီးနောက် မတ်လ (၃၀) ရက်နေ့မှာ မြို့တော်ဝန် ဦးဗိုလ်ဌေး ကို ပြန်လည်လွှတ်ပေးခဲ့ပြီး စီးပွားရေးဝန်ကြီးဦးအောင်သန်းဦး ကို ဆက်လက် ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီလက်ထက်မှာ ဦးစိုးစိုးဇော် ဟာ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် ကို နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေနဲ့ စစ်တပ်က ဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။

Nway Oo Maung