ရန်ကုန်၊ မေ (၂၈)
မူးယစ်ဆေးဝါး WY ဝယ်ပြီး ပြန်လာတဲ့ ဗိုလ်ကြီးရန်နိုင်ထွေး ကို စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ နေပြည်တော် မြို့ခံပြည်သူတွေဆီက သိရပါတယ်။
“ရပ်ကွက်ထဲက အိမ်မှာ မိသွားတာ။ ရောင်းတဲ့သူပါ အဖမ်းခံရလားတော့ မသိဘူး။ သူ့ကိုတော့ ဖမ်းသွားတယ် အဝတ်အစားတွေ ချွတ်ခိုင်းပြီး အရပ်ဝတ်နဲ့ ဖမ်းသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
မနေ့ညပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရီမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရသူ ဗိုလ်ကြီးရန်နိုင်ထွေး ဟာ တပ်မတော်သား အယောင်ဆောင်ထားသူ တစ်ဦးဖြစ်ပြီး ဗိုလ်ကြီး အဝတ်အစားတွေနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ စစ်တပ်ဘက်က အရာရှိတစ်ဦးက C8 News ကို အတည်ပြုဖြေကြားပါတယ်။
“ဗိုလ်ကြီးတော့ ဟုတ်တယ် ဒါပေမဲ့မဟုတ်ဘူး။ ဗိုလ်ကြီးအဆင့် အဝတ်အစားတွေနဲ့ သေနတ်တစ်လက်မိတယ်။ သူက ဗိုလ်ကြီး မဟုတ်ဘူး ဖြစ်နေတယ်။ သူကအယောင်ဆောင်ပါ။ပြီးတော့ WY အလုံးနှစ်ဆယ်နဲ့ ဖမ်းမိတာပါ။” လို့ သူက ပြောပြပါတယ်။
ဗိုလ်ကြီးရန်နိုင်ထွေး ဆီက ဗိုလ်ကြီးအဆင့် တံဆိပ်တပ်ဆင်ထားတဲ့ ပြောက်ကျားစစ်ယူနီဖောင်းတစ်စုံ၊ ကော်ပစ္စတိုသေနတ်တစ်လက်၊ စစ်ယူနီဖောင်းနဲ့ ပြောက်ကျားကျည်ကာ အကျီတစ်ထည်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး သူဟာစစ်တပ်ဘက်က အရာရှိတစ်ဦးအဖြစ် ဟန်ဆောင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မေလ (၂၀) ရက်နေ့ ညနေပိုင်းက ရန်ကုန် – နေပြည်တော် ကားလမ်းပိုင်းမှာ မူးယစ်ဆေးဝါး သုံးစွဲပြီးနောက် သေနတ်နဲ့ ပစ်ခတ်လို့ အငြိမ်းစားဗိုလ်ကြီးတစ်ဦး နဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗိုလ်ကြီးမျိုးကိုကို ကို စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
Nway Oo Maung