Spread the love

ရန်ကုန်၊ ဇွန် (၂)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် သတင်းဖလှယ်ကြမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ ရဲမှူးချုပ် ထက်လွင် က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးကနေ တရားမဝင်ဖြတ်ကျော် ဝင်ရောက်နေတာတွေကို ထိရောက်စွာ တားဆီးပေးဖို့ သူက မနေ့ကပြုလုပ်ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

“နယ်နိမိတ်များအတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ်အား ဖြတ်ကျော် သွားလာလှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများကျူးလွန်မှုများနှင့်ပတ်သက်၍ မြေပြင်သတင်းစုံစမ်း ဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးတွဲကင်းလှည့်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ သတင်း အချက်အလက်ဖလှယ်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်” သွားမယ်လို့ ရဲမှူးချုပ် ထက်လွင် က ပြောကြားခဲ့ပါတယ်။