Spread the love

ရန်ကုန်၊ ဇွန် (၇)

စစ်ကောင်စီက မကွေးတိုင်းဒေသကြီး၊ ယောဒေသ၊ စင်းစယ်ကျေးရွာ ကို ဒုတိယအကြမိမ်မြောက် လာရောက်ပြီး လူနေအိမ် (၁၂) လုံးကို မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု က ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

“မီးရှို့ဖျက်ဆီးခံရမှုတွင် စင်းစယ်ကျေးရွာမှ လူနေအိမ် (၁၂)အိမ် မီးလောင်ပျက်စီးခဲ့ပြီး စပါးတင်းရေ (၅၀၀) ကျော် သိုလှောင်ထားသော လူနေတဲ (၁) လုံးလဲ ပါဝင်သွားခဲ့” တယ်လို့ သူတို့အဖွဲ့က ရေးသားထားပါတယ်။

စစ်ကောင်စီကား (၂) စီးဟာ မနေ့ နေ့လည်က ကျေးရွာကို အတွင်းဝင်ရောက်ပြီး လူနေအိမ်တွေက စားနပ်ရိက္ခာ ပစ္စည်းတွေ ယူဆောင်တာ၊ လူနေတဲတွေကို လက်နက်ကြီးတွေနဲ့ ထုကြီး မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ကျေးရွာအတွင်းက ပြန်လည်ထွက်သွားခဲ့တာ ဖြစ်တယ်လို့ ကျေးရွာသားတွေရဲ့ ပြောပြချက်ကို သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

“မိဘပြည်သူများ ဘေးကင်းလုံခြုံမှု့အတွက် YRPA မှ တတ်နိူင်သမျှကြိုးစားကာကွယ်သွားပါမည်။
ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်ဖျက်ဆီးနေသော စခများကိုလည်း အသက်ရှင်နေသမျှကာလပတ်လုံး အစွမ်းကုန်တိုက်ခိုက်နှိမ်နင်းသွားမည်ဟု ကတိပြုပါ” တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ရဲ့ သတင်းပြန်ကြားရေး က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ (၅) ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တပါယ်အင်းရွာ က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ (၆၀) ကျော် မီးလောင် ပျက်စီးခဲ့ရတယ်လို့ Yinmarbin Local People’s Defence Force ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။