Spread the love

ရန်ကုန်၊ သြဂုတ် (၃)

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ က ထိုင်ဝမ် ကို လာရောက်ခဲ့တာကြောင့် ဩဂုတ်လ ၃ ရက်နေ့မှာ တရုတ်က ထိုင်ဝမ် ဆီ သဘာဝသဲတင်ပို့မှုကို ဆိုင်းငံ့လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကနေ လိမ္မော်သီးနဲ့ ငါးထွက်ကုန်တချို့ တင်သွင်းတာကို ရပ်ဆိုင်းခဲ့ပါတယ်။

နန်စီ ပလိုစီ မလာရောက်ခင် သတိပေးချက် အနေနဲ့ တရုတ် အကောက်ခွန်က ထိုင်ဝမ် ဘီစကွတ်နဲ့ ခေါက်ဆွဲ တင်ပို့သူ (၃၅) ဦး ဆီကနေ တင်သွင်းမှုကို တနင်္လာနေ့ကတည်းက ရပ်ဆိုင်းခဲ့တာပါ။

ဇန်နဝါရီလကနေ ဇွန်လအတွင်း ထိုင်ဝမ် ကနေ တရုတ် ရဲ့သွင်းကုန်က ကန်ဒေါ်လာ ၁၂၂.၅ ဘီလျံ နဲ့ အရင်နှစ်ကထက် ၇.၃ ရာခိုင်နှုန်း တိုးလာပါတယ်။ ထိပ်တန်းတင်သွင်းတဲ့ ကုန်ပစ္စည်းတွေက အင်တီဂရိတ်တက် ဆာကစ်နဲ့ အီလက်ထရွန်နစ် အစိတ်အပိုင်းတွေ ပါဝင်ခဲ့ပါတယ်။

ထိုင်ဝမ်ဆီ ဆောက်လုပ်ရေးနဲ့ ကွန်ကရစ်မှာ အသုံးများတဲ့ သဘာဝသဲတင်ပို့မှုကို ဗုဒ္ဓဟူးနေ့ကစပြီး ရပ်ဆိုင်းထားတယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အသေးစိတ်ပြောကြားခြင်းမရှိပေမဲ့ အဲဒီလိုဆောင်ရွက်မှုက ဥပဒေနဲ့ စည်းမျဉ်းတွေအပေါ် အခြေခံထားတယ်လို့ ပြောပါတယ်။

၂၀၀၇ ခုနှစ် မတ်လမှာ တရုတ်နိုင်ငံက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကြောင့် ထိုင်ဝမ် ဆီ သဘာဝသဲတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါသေးတယ်။
ရပ်ဆိုင်းမှုက (၁) နှစ်ကြာမြင့်ခဲ့ပါတယ်။ ထိုင်ဝမ် ရဲ့ သဘာဝသဲတင်သွင်းမှု ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကနေ လိမ္မော်သီး၊ သံပုရာသီးလို အချဉ်သီး၊ မာကရယ်ငါး အပါအဝင် ငါးတချို့ တင်သွင်းမှုကိုလည်း ဗုဒ္ဓဟူးနေ့ကတည်းက ရပ်ဆိုင်းခဲ့ပါတယ်။ အချဉ်သီးတွေမှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ တွေ့ရှိခဲ့ရတာကြောင့်ရော၊ အေးခဲထားတဲ့ ငါးတချို့ ထုတ်ပိုးမှုပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာကြောင့်ပါ ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်ဝမ် ကနေ တင်သွင်းတဲ့ တရုတ်ရဲ့ အဓိကအစားအစာတွေမှာ ပင်လယ်စာ၊ ကော်ဖီ၊ နို့ထွက်ထုတ်ကုန်တွေ၊ အဖျော်ယမကာနဲ့ ဗင်နီဂါရည်တို့ ပါဝင်ပါတယ်။

ဇန်နဝါရီလကနေ ဇွန်လအတွင်း ထိုင်ဝမ်ကနေ တင်သွင်းတဲ့ တရုတ်ရဲ့ အကြီးဆုံး စိုက်ပျိုးရေးနဲ့ အစားအစာထုတ်ကုန်တွေက ငါးနဲ့ တခြားရေနေသတ္တဝါတွေဖြစ်ပြီး ယွမ် ၃၉၉ သန်းအထိ ရောက်ရှိခဲ့ပါတယ်။

အခုနှစ်အစောပိုင်းကလည်း တရုတ်က ထိုင်ဝမ်ကနေ တင်သွင်းတဲ့ ငါးတွေမှာ တားမြစ်ဓာတုပစ္စည်းတွေ တွေ့ရှိခဲ့တယ်ဆိုပြီး တင်သွင်းမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပေကျင်းကလည်း ကျွန်းကနေ နာနတ်သီး၊ ဩဇာသီးနဲ့ နှင်းသီး တင်သွင်းမှုကို ရပ်ဆိုင်းခဲ့ပါတယ်။

တရုတ်က လွတ်လပ်ရေးလိုလားတဲ့ ခွဲထွက်ရေးလှုပ်ရှားမှုမှာ ပြင်းပြင်းထန်ထန် ပါဝင်နေတယ်လို့ ယူဆထားတဲ့ ထိုင်ဝမ်ရဲ့ဖောင်ဒေးရှင်း (၂) ခုကို စည်းမျဉ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့တာပါ။ ဖောင်ဒေးရှင်းနှစ်ခုဖြစ်တဲ့ Taiwan Foundation for Democracy နဲ့ Taiwan Foreign Ministry’s International Cooperation and Development Fund တွေကို ပြည်မကြီးက ဘယ်အဖွဲ့အစည်း၊ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့မှ ပူးပေါင်း မဆောင်ရွက်နိုင်ဖို့ ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်က ဒီဖောင်ဒေးရှင်း (၂) ခုအတွက် ငွေကြေးထောက်ပံ့တဲ့ ပြည်မကြီးက အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ဒဏ်ခတ်အရေးယူသွားမှာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်း (၂) ခုကို ထောက်ပံ့လှူဒါန်းနေတဲ့ ထိုင်ဝမ်ကုမ္ပဏီ (၄) ခုနဲ့လည်း ပူးပေါင်းဆောင်ရွက်ခွင့်မပြုပါဘူး။ Speedtech Energy၊ Hyweb Technology၊ Skyla၊ SkyEyes ကုမ္ပဏီ (၄) ခုရဲ့အမှုဆောင်အရာရှိတွေကိုလည်း တရုတ်နိုင်ငံအတွင်း ဝင်ရောက်လို့မရအောင် တားမြစ်သွားမှာ ဖြစ်ပါတယ်။

Ref: Reuters “Economic sanctions China has imposed on Taiwan over Pelosi visit”