Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၄)

စစ်ရာဇဝတ်ကောင် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေက လက်နက်ကိုင် ပဋိပက္ခ ကာလအတွင်း ဘယ်အခြေအနေမှာ မဆို နှစ်ဘက်တပ်ဖွဲ့တွေ မဖြစ်မနေ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစားနာမှု ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေ့တိုင်းနီးပါး ကလေးတွေနဲ့ သက်ကြီးတွေကိုပါမချန် အပြစ်မရှိတဲ့ ပြည်သူတွေကို မြင်တာနဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဥပဒေမဲ့ ထင်ရာခိုင်းနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အနောက်မြောက်ပိုင်းဒေသတွေကို စစ်တပ်က အနော်ရထာစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ကြည်း၊ ရေ၊ လေ တပ်တွေဟာ လက်နက်မဲ့ သာမာန်အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်တာ၊ နေအိမ် ပိုင်ဆိုင်မှု တွေကို မီးရှို့ဖျက်ဆီးတာ၊ စားနပ်ရိက္ခာ တွေကို ခိုင်းယူတာ နဲ့ ဖျက်ဆီးတာတွေကို ဥပဒေမဲ့ ကျူးလွန်နေတာကို အထောက်အထာားများစွာနဲ့ အတည်ပြုနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နေ့တိုင်းနီးပါး လက်နက်ကိုင် နဲ့ အရပ်သားတွေကို မခွဲခြားပဲ လေကြောင်း တိုက်ခိုက်မှုတွေကို ပြုလုပ်နေတဲ့ မှတ်တမ်းတွေကိုလည်း ရရှိထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလို ကျူးလွန်နေတာတွေဟာ စစ်ရာဇဝတ်မှုဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတာကလွဲပြီး တခြားကင်းလွတ်စေခွင့် မရှိစေရဘူးလို့ ကုလသမဂ္ဂ ပဋိဉာဉ်မှာ အတိအလင်း ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “တပ်မတော်ရဲ့ အခြေခံအကျဆုံးတာဝန်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ပင် ဖြစ်ပါတယ်။ သာမန်အားဖြစ် နိုင်ငံတော်ကိုထိပါးလာမယ့် ပြည်တွင်း၊ ပြည်ပ အန္တရာယ်တွေကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားဖို့ ဖြစ်ပေမယ့်လည်း ဒီနေ့ခေတ် အချိန်ကာလမှာ စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားဖြန့်ချိတာတွေ၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်တာတွေ စတဲ့ အန္တရာယ်တွေကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြဖို့ လိုပါတယ်” လို့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲနေ့မှာ သူက အခုလို ပြောဆိုခဲ့ပါတယ်။