ရန်ကုန်၊သြဂုတ်(၅)
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူနဲ့ အရာတော်မြို့နယ် နယ်စပ်အနီးမှာ စစ်ကြောင်းထွက်လာတဲ့ အင်အား (၆၀) ကျော်ပါဝင်တဲ့ စစ်ကောင်စီအဖွဲ့ကို မနေ့ မနက်ပိုင်းမှာ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ရဲ့ တောကျီးကန်း (၇)ကောင် (ရဲဘော် ၇ ဦး)က ပေ(၁၅၀) အကွာကနေ ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့အတွက် စစ်သား (၁၇) ဦးသေဆုံးခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။
“သူတို့ကိုလိုက်ပြီး ချောင်းမြောင်းနေခဲ့ရင်းနဲ့ သူတို့က ရှေ့ပြေးဒရုန်းတစ်စီးဝဲတယ်ဗျ။ ဝဲပြီး သူတို့သွားမယ့် လမ်းကြောင်းကို ကြည့်တယ်။ ကျွန်တော်တို့ကလည်း သူတို့ဒရုန်းကို လိုက်ထောက်တယ်။ နောက်ဒရုန်းဆင်းတဲ့ နေရာကိုကြည့်ပြီးတော့ ထွက်မယ့်လမ်းကြောင်းကနေ ကြိုတင်စောင့်ဆိုင်းပြီးတော့မှ လယ်ကွင်းထဲရောက်တဲ့အချိန်မှာ တောကျီးကန်းလေး (၇) ကောင်က ဖြတ်ပြီးတော့ တိုက်ခဲ့တာပါ။ အခုချိန်ထိ အလောင်းတွေ လာကောက်တာ မရှိသေးပါဘူး” ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့က ပြောပါတယ်။
မနေ့ သြဂုတ်လ(၄)ရက်နေ့ မနက်ပိုင်းမှာ ရွာသာနဲ့ မင်းရွာကျေးရွာကြားမှာ ခြင်းကျားတွေထမ်းပိုးပြီး ထွက်လာတဲ့ စစ်အုပ်စုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့ဝင် ရဲဘော် (၇) ဦးက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြောက်ကျား တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီအဖွဲ့က ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်တာတွေ ရှိပေမယ့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ထိခိုက်ကျဆုံး မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။