Spread the love

ရန်ကုန်၊ သြဂုတ် (၁၇)

ပြည်သူလူထုအနေနဲ့ အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခဲလွန်းတဲ့ အခြေအနေမျိုးတွေကို အဓိက ဖန်တီးနေတဲ့ တရားခံတွေကို အမြစ်ဖြတ်ဖို့ အချိန်ရောက်ပါပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“ပြည်သူလူထုရဲ့ ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေပြီး စုဆောင်းထားမှုတွေဟာ ဘာမှ မလုပ်မကိုင်ကြဘဲ အလိုလိုနေရင်း ပိုင်ဆိုင်မှုတွေ ထက်ဝက်တန်ဖိုး လျော့ကြသွားတဲ့ အခြေအနေမျိုး၊ သက်ရှင်ရပ်တည်ဖို့အတွက်ခက်ခဲလွန်းတဲ့အခြေ အနေမျိုးတွေရဲ့ အဓိကတ ရားခံတွေကိုအမြစ်ဖြတ်ဖို့ အချိန်ရောက်ပါပြီ။” လို့ မနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက ပြောဆိုလိုက်ပါတယ်။

အကောင်းအတိုင်းရှိနေတဲ့ တိုင်းပြည်ဟာ လူတစ်စုရဲ့ အတ္တကြောင့် တကယ့်ကို ဆိုးရွားလွန်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာ အင်မတန် ဝမ်းတည်းစရာကောင်းတယ်လို့ သူက ပြောပါတယ်။

“အထွေထွေ အကြပ်အတည်းကို ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေကို သတင်း စကားပေးချင်တာကတော့ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျနော်တို့ အတူတူရုန်းကန် ကြရပါလိမ့်မယ်။ ကျနော်တို့မှာ ကျနော်တို့ပဲရှိတာမို့ အတူတူရုန်းကန်နိုင်မှ ဒီထက်ဆိုးတဲ့ အခြေအနေတွေနဲ့ မကြုံတွေ့ ရမှာ ဖြစ်ပါတယ်။ ကျနော်တို့တက်ညီလက် ညီဆက်ကြိုးစားကြမယ် ဆိုရင် အောင်ပွဲကမဝေးတော့ပါဘူး။” လို့ သူက ပြောကြားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့ပါတယ်။

“နိုင်ငံတစ်ခု၏ စီးပွားရေးသည် နိုင်ငံရေးနှင့် ဆက်စပ်လျက်ရှိကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လူမှုရေးနှင့် နိုင်ငံရေးကို ဖြေရှင်းဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံတည်ငြိမ်လာပြီး ဆောင်ရွက်လိုသည့် နိုင်ငံရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံရေးရည် မှန်းချက်မှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်” တယ်လို့ သူက ပြောပါတယ်။