Spread the love

ရန်ကုန်၊ သြဂုတ် (၁၉)

မိမိတို့အနေနဲ့ တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်ရမယ့် အချိန်ကို ရောက်ရှိလာပြီ ဖြစ်လို့ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကိုလည်း အရေးတကြီးလုပ်ဆောင်ရမှာ ဖြစ်အတွက် တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီများ၊ ပြည်နယ် အတိုင်ပင်ခံကောင်စီများနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု အခြေအနေများ အချိတ်အဆက်မိမိနှင့် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်းနှင့် လက်နက်တပ်ဆင်နိုင်ရေး တောင်းဆိုချက်များ အပါအဝင် တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ပါ ဆွေးနွေး တောင်းဆိုလာကြပြီ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင်လည်း ဒေသတစ်ခုနှင့်တစ်ခု လိုအပ်ချက်နှင့် ဆောင်ရွက်နိုင်မှုတို့ ကွာခြားသဖြင့် မြေပြင်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ထို့အပြင် ဝန်ကြီးဌာနများအကြား ပူးပေါင်းချိတ်ဆက်မှု ပိုမိုခိုင်မာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါ” တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ သူက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး သြဂုတ်လ (၁၆) ရက်နေ့က အခုလို ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းတာ မလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်နဲ့ ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန် ခက်ခဲနေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အနေနဲ့ နိုင်ငံရေးကို နိုင်ငံရေးနဲ့သာ ဖြေရှင်းဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းစဉ်တွေနဲ့သာ ဆောင်ရွက်သွားမယ်” လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ နစက အစည်းအဝေး(၇/၂၀၂၂) မှာ သူက ပြောဆိုခဲ့တာပါ။