Spread the love

ရန်ကုန်၊ စက်တင်ဘာ (၂)

စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု နဲ့ ညံ့ဖျင်းမှုတွေကြောင့် ပြည်သူတွေအနေနဲ့ စီးပွားရေး ကျဆင်းမှုဒဏ်ကို အပြင်းအထန် ခံစားနေရတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

“မိမိတို့ အစိုးရအနေဖြင့် စုစည်းထားရှိသည့် အင်အားဖြင့် ပြည်သူတို့၏ အခက်အခဲများကို အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊တရားစီရင်ရေးကဏ္ဍတွင် ကြားကာလနှင့်လျော်ညီသည့် တရားရေးမဏ္ဍိုင်တစ်ရပ် ဖော်ထုတ်ရန်နှင့် ပြည်သူသို့ ချပြရန် လိုအပ်” တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် မိမိတို့အနေနဲ့ ခုခံစစ်အတွက် ပြင်ဆင်ဆောင်ရွက်ကြရသလို စိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို စီမံဆောင်ရွက်ရတာ မလွယ်ကူပါဘူးလို့ သူက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် က CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကြောင့် အစိုးရရဲ့ လုပ်ငန်းတွေ ထိခိုက်ခဲ့လို့ နိုင်ငံအခွန်ငွေ ပြည့်ဝွာ မရှိပဲ ပုံမှန်လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေသာ ဆောင်ရွက်ပြီး ခက်ခဲစွာ ဖြတ်ကျော်နေရတဲ့လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောပါတယ်။

“မည်သို့ပင်ဖြစ်စေ မိမိတို့အစိုးရအနေဖြင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှား ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရာတွင် လုပ်ငန်း များအဆင်ပြေစေရန်နှင့် လူမှန်နေရာမှန်ဖြစ်စေရန်အတွက် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခင်ကာလများအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အကြီးအကဲများအားလုံးကိုလည်း ကျေးဇူးတင်ရှိ” ပါတယ်လို့ သြဂုတ်လ (၂၂) ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ သူက အခုလို ပြောဆိုခဲ့တာပါ။