Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၄)

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြန်လည် တည်ဆောက်နိုင်ရေးတွေအတွက် လုပ်ဆောင်တဲ့နေရာမှာ ထူးခြားတဲ့ အခွင့်အရေး လက်ဝယ်ရှိနေပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“စစ်တပ်မှ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ ထပ်မံကျူးလွန်ခြင်းအား ကြိုတင်ကာကွယ်နိုင်ရေး၊ စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ခတ်ခြင်း မခံရသည့်ကျင့်စဉ်ကို ဖြေရှင်းပေးနိုင်ရေးတို့အတွက် ယင်းဆုံးဖြတ်ချက် အဆိုပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်‌ရွက်ရန်၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် မိမိအနေဖြင့် လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုလိုပါ” တယ်လို့ သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဇန်နဝါရီလ (၁၂) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ် နဲ့ ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေးမှာ သူက အခုလိုထောက်ပြခဲ့တာပါ။

“လုံခြုံရေးကောင်စီမှ တာဝန်ဝတ္တရားများကို ဖော်ဆောင်ရန် ပျက်ကွက်လျှင်သော် လည်းကောင်း၊ မလုပ်ဆောင်နိုင်လျှင်သော်လည်း၊ လုပ်ဆောင်ရန် မလိုလားလျှင်သော်လည်းကောင်း၊ လုပ်ပိုင်ခွင့် အာဏာအား အလွဲသုံးစား ပြုလုပ်လျှင်သော်လည်းကောင်း အပြည်ပြည်ဆိုင်ရာအဆင့် တရားဥပဒေစိုးမိုးမှုကို ထိပါးစေနိုင်” တယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်တာ၊ အကျဉ်းထောင်အတွင်း အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်တာ၊ ကြိမ်ဖန်များစွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ကျေးရွာတွေကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူ တစ်သန်းကျော်ကို နေရပ်စွန့်ခွာရသည့် အခြေအနေသို့ တွန်းပို့တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေမဲ့ကွပ်မျက်စီရင်တာ စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး မြန်မာပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေကို စဉ်ဆက်မပြတ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

“လုံခြုံရေးကောင်စီအနေဖြင့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ယခင်က ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သဖြင့် မြေပြင်အခြေအနေအတွက်လည်း အပြုသဘောဆောင်သည့် ရေရှည်အကျိုးရလဒ်များ ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍လည်း အလားတူဆောင်ရွက်နိုင်ရန် လုံခြုံရေးကောင်စီ၌ လိုအပ်သည့် လုပ်ငန်းစဉ်များ ရှိနေ” တယ်လို့ ဦးကျော်မိုးထွန်း က ထောက်ပြပြောဆိုခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန ရဲ့ အခုနှစ်ဆန်းပိုင်း ဖော်ပြချက်အရ သိရပါတယ်။