Spread the love

ရန်ကုန်၊ မတ် (၂၁)

ကာကွယ်မှု အလိုအပ်ဆုံးဖြစ်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီပေးမယ်လို့ ယူကေနိုင်ငံ အာရှရေးရာ ဝန်ကြီး Anne-Marie Trevelyan ဒီနေ့မှာ ကတိပေး ပြောဆိုလိုက်ပါတယ်။

“မြန်မာစစ်တပ်က နိုင်ငံကို အကျပ်အတည်းအတွင်း ကျဆင်းစေပြီး၊ သန်းနှင့်ချီသော ပြည်သူတွေဟာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိပါတယ်။ ကာကွယ်မှု အလိုအပ်ဆုံးသော ပြည်သူများအတွက် ကျွန်မတို့အနေနဲ့ ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူလူထုနဲ့အတူ ကျွန်မတို့ ရပ်တည်ပါတယ်။” လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေး အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ ဒီနေ့ တွေ့ဆုံချိန်မှာ အာရှရေးရာ ဝန်ကြီး Anne-Marie Trevelyan က အခုလို ကတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူဦးရေ ၁ ဒသမ ၃ သန်းကျော်က နေရပ်စွန့်ခွာထွက်ပြေးနေရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) မတ်လ (၈) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

“မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း မြင့်တက်နေပါတယ်။ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့အရှေ့တောင်ပိုင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နေရပ်စွန့်ခွာရသူတွေ၊ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအပါအဝင် သွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ပိုမိုဖြစ်ပေါ်နေပါတယ်။ နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေဟာ ရွှေ့ပြောင်းအခြေချစခန်းတွေနဲ့ ယာယီစခန်းတွေမှာ မရေမရာအခြေအနေတွေနဲ့ နေထိုင်နေကြရပြီး အများအားဖြင့် နီးစပ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေထိုင်နေကြရတာ” ဖြစ်တယ်လို့ သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။