Spread the love

ရန်ကုန်၊ ဒီဇင်ဘာ(၃၀)

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေဖြစ်တဲ့ ဒယ်လ်တာ (Delta) နဲ့ အိုမီခရွန် (Omicron) တို့ဟာ တစ်ပြိုင်နက်တည်း ပျံနှံနေပြီး “ကူးစက်မှု ဆူနာမီလှိုင်းလုံးကြီး” တစ်ခုကို ဖန်တီးနေတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရို အဒ်ဟမ်နို ဂတ်ဘရေဆက် (Tedros Adhanom Ghebreyesus) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒယ်လ်တာရော အိုမီခရွန်ရော နှစ်ခုလုံးဟာ ရောဂါကူးစက်မှုတွေကို စံချိန်တင်မြင့်တက်သွားအောင်လုပ်ပြီး ပူးတွဲ ခြိမ်းခြောက်နေတယ်။ နောက်ပြီးဆေးရုံတင်ကုသရမှုတွေ၊ သေဆုံးမှုတွေ တိုးလာအောင်လဲ ဝိုင်းပြီးထိုးနှက်နေကြပါတယ်။ အိုမီခရွန် ဆိုရင် ဒယ်တာလိုပဲ အလွန် လျင်မြန်စွာ ကူးစက်ပြီး ပျံ့နှံနိုင်လို့၊ ရောဂါကူးစက်မှုတွေဟာ ဆူနာမီလှိုင်းလုံးကြီးလို ဖြစ်သွားမှာကို ကျွန်တော် အရမ်းစိုးရိမ်မိပါတယ်” လို့ တက်ဒရိုက ပြောပါတယ်။

တက်ဒရို ဟာ နိုင်ငံတွေကို ကာကွယ်ဆေးတွေ ပိုမို ညီမျှစွာ မျှဝေပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သလို ချမ်းသာတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးကို Boosters ထိုးခြင်းလို့ လူသိများတဲ့ (၃) လုံးမြောက် အပိုထပ်ဆောင်းထိုးခြင်းတွေဟာ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် ဆေးမလုံလောက်မှု ဖြစ်လာစေနိုင်တာကို အလေးထားဖို့ သတိပေးပြောဆိုခဲ့ပါသေးတယ်။

WHO ဟာ (၂၀၂၂) နှစ်လယ်ပိုင်းမှာ ကာကွယ်ဆေးလွှမ်းခြုံမှု ၇၀ ရာခိုင်နှုန်း အထိရောက်ဖို့ နိုင်ငံတိုင်းအတွက် စည်းရုံးလှုံ့ဆော်နေပြီး အဲ့ဒီလိုဖြစ်မှာ ကပ်ရောဂါရဲ့ ပြင်းထန်တဲ့အဆင့်ကို အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံထားရသူ (၂၈၁) သန်းကျော်ရှိပြီး လူပေါင်း (၅) သန်းကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။