Spread the love

ရန်ကုန်၊ မတ် (၂၈)

“ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရ ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမဲ့ အချိန်လည်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့လုပ်ဆောင်နေတာကိုလည်း တွေ့မြင်နေရတယ်လို့ သူက ပြောပါတယ်။

“တဆက်တည်းမှာပဲ စစ်ကောင်စီဟာ နေ့စဉ်နေ့တိုင်း လူမျိုးပေါင်းစုံကို အကြမ်းဖက် သတ်ဖြတ် နေပြီး၊ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ဖျက်ဆီးနေတာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ နိုင်ငံတကာ စာမျက်နှာမှာ ပြန်လည်ဝင်ဆံ့လာဖို့နဲ့ သူတို့ လုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို အထောက်အပံ့ရစေဖို့အတွက် ရိုဟင်ဂျာ လူမျိုးတွေကို ပြန်လည် လက်ခံဖို့ ကြိုးစားနေတာကို” တွေ့ရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီအားလုံးကိုလည်း လေးစား ဂုဏ်ပြုတယ်လို့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက ပာကြားခဲ့ပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က “ကျွန်တော်တို့အစိုးရအနေနဲ့ အာမခံထားတာ (၂)ခုရှိတယ်။ နံပါတ်တစ်က ပါတီစုံဒီမို ကရေစီစနစ် ကို ခိုင်ခိုင်မာမာ အာမခံတယ်။ နံပါတ်နှစ်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံတယ်၊ လုံခြုံရေး အခြေအနေတွေ၊ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အထွေထွေရွေးကောက်ပွဲ ကို မဖြစ်မနေလုပ်မယ်ဆိုပေမယ့် အချိန်အတိအကျကိုတော့ မပြောနိုင်သေးပါဘူး” လို့ (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ သူက ပြောပါတယ်။