Spread the love

ရန်ကုန်၊ မေ (၁၉)

ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အဆင့်မြင့်ပညာသင်ကြားရာမှာ နေ့ကျောင်းတက်သင်ကြားတာ၊ Online နဲ့ သင်ကြားတာ၊ စာပေးစာယူသင်ကြားတာတွေရှိနေပြီး ဘယ်နည်းလမ်းနဲ့ သင်ယူပါစေ အမှန်တကယ် ပညာတတ်မြောက်ဖို့သာ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

“မိမိတို့အနေဖြင့် ကျောင်းနေအရွယ် ကလေးများ အားလုံး အရည်အသွေး ကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေး ကြရန်လိုအပ်ပါကြောင်း၊ Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေ အကောင်အထည်ဖော်သွားကြရမည် ဖြစ်ပါကြောင်း။” သူက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အရည်အသွေးရှိသည့် အဆင့်မြင့်ပညာရေးကို ဖော်ဆောင်နိုင်ရန်အတွက် အရည်အသွေးရှိသည့် ဆရာ ဆရာမများခန့်ထားခြင်း၊ အရည်အသွေးမြှင့်တင်ရေးသင်တန်းများပေးခြင်း၊ သင်ရိုး ညွှန်းတမ်းများ ခေတ်မီစေခြင်း၊ သင်ကြားနည်းစနစ်များ တိုးတက်စေခြင်း၊ နည်းပညာ အသစ်များ အသုံးပြုသင်ကြားခြင်း၊ စာကြည့်တိုက်နှင့် အင်တာနက်ကို အသုံးပြုသည့် သင်ကြားသင်ယူမှုကို အားပေးခြင်း၊ အွန်လိုင်းသင်ယူမှုပလက်ဖောင်းနှင့် ဒစ်ဂျစ်တယ် စာကြည့်တိုက်များ ထူထောင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ သုတေသနပစ္စည်းများဖြည့်တင်းခြင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျောင်းသားကျောင်းသူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်း၊ အားကစား နှင့် ပညာရေးပေါင်းစပ်ခြင်း စသည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မည် ဆိုပါက ရည်မှန်းချက်ပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း။” သူက ပြောပါတယ်။

ကျောင်းသား၊ ကျောင်းသူ အများစုဟာ မူလတန်းပြီးဆုံးချိန်မှာ ကျောင်းထွက်သွားကြကာ အသက် ၁၂ နှစ်ကစတင်ပြီး ကျောင်းတက်နှုန်း စတင်ကျဆင်းလာသလို အသက် ၁၄ နှစ်နောက်ပိုင်း အလယ်တန်းပြီး မြောက်ချိန်မှာ ကျောင်းတက်နှုန်း သိသိသာသာ ကျဆင်းလာတာကို တွေ့ရတယ်လို့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်ဟာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘယ်နည်းလမ်းနဲ့ သင်ယူပါစေ အမှန်တကယ် ပညာတတ်မြောက်ဖို့သာ လိုအပ်တယ်လို့ ပြောဆိုနေပေမယ့် အမျိုးသားညီညွတ်ရေး NUG ရဲ့ အွန်လိုင်းပညာရေးစနစ်မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ တွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေတာမျိုးတွေ ပြုလုပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *