Spread the love

ရန်ကုန်၊ မေ (၂၄)

နိုင်ငံတကာ အထောက်အပံ့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီတွေရရှိဖို့ကို ဦးဆောင်ဦးရွက်ပြုပြီး ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က အသိပေး ပြောကြားခဲ့ပါတယ်။

“တိုင်းရင်းသားပြည်သူလူထုတွေကို လူသားချင်းစာနာမှု အကူအညီတွေ နိုင်ငံတကာက ပေးအပ်တဲ့အခါမှာ ထိထိရောက်ရောက်ဖြစ်စေဖို့နဲ့ စနစ်တကျဖြစ်စေဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထား” တယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် အစည်းအဝေးမှာ မနေ့က အခုလို သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင်အနေနဲ့ လူထုရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှု စာရင်းအင်း အချက်အလက်တွေကို စနစ်တကျပြုစုပြီး ဦးစားပေးဧရိယာတွေကို သတ်မှတ်ဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီ အများဆုံးရနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ pro-active engagement ဖြစ်အောင် အားသွန်ကြိုးပမ်းဖို့ လိုပါလိမ့်မယ်။ ကမ္ဘာ့နိုင်ငံတွေထဲမှာ လူသားချင်းစာနာမှုအကူအညီအတွက် ရန်ပုံငွေ အမြောက်အမြား ထည့်ဝင်တဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒီလို နိုင်ငံမျိုးတွေနဲ့ G to G (Government to Government) ဆက်ဆံရေးချဲန်နယ် တစ်ခုတည်ဆောက်ပြီး တိုင်းရင်းသားပြည်သူလူထုအတွက် အထောက်အပံ့များများရအောင် ကြိုးစားရမှာတွေ ရှိပါတယ်။” လို့ သူက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မိုခါ ကြောင့် တိုင်းနဲ့ပြည်နယ် (၇)ခုမှာ သေဆုံးသူ ၄၃၅ ယောက်ရှိပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက မေလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေကို NUG က ၅၉ သန်း ထောက်ပံ့ပေးထားလို့ ပြောနေသလို စစ်ကောင်စီကလည်း ငွေကြေးအများအပြား သုံးစွဲပြီး ထောက်ပံ့ပေးနေတယ်လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *