Spread the love

ရန်ကုန်၊ မေ (၃၀)

တော်လှန်ရေးက တချို့နေရာတွေမှာ အဆင့်တစ်ခုကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောပါတယ်။

“တစ်ဖက်က တော်လှန်ရေးအတွက် အားစိုက် ဆောင်ရွက်ရမှာ ရှိသလို တစ်ဖက်ကလည်း နိုင်ငံရေးအရ ပြင်ဆင် ဆောင်ရွက်စရာတွေ ရှိလာပါတယ်။ နောက်တစ်ခု ပြောကြားလိုတာက ဒီနှစ်ပိုင်းအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပိုမို အားစိုက် ဆောင်ရွက်ရမှာတွေ ရှိလာပါတယ်။” လို့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာက မိုခါ မုန်တိုင်းသင့် မြန်မာပြည်သူတွေကို ကူညီနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ကူညီမှုတွေဟာ ပြည်သူတွေဆီကို မှန်မှန်ကန်ကန် ရောက်ရှိသွားဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင် အုပ်စိုးမှုကာလတွေအတွင်း အဖြစ်များလေ့ရှိတဲ့ သဘာဝ ဘေးအန္တရာယ်များ အတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေဟာ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ အဂတိ လိုက်စားခြင်း၊ သဘာဝဘေးအန္တရာယ်ကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်ခြင်းများ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တာကြောင့် စစ်ကောင်စီမှ တဆင့် ကူညီပေးမှု တွေကိုတော့ နိုင်ငံတကာအနေနဲ့ သေချာစွာ ပြန်လည် စဉ်းစား သုံးသပ်သင့်တယ်ဆိုတဲ့အကြောင်း” သူက ထောက်ပြခဲ့ပါတယ်။

မိုခါ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်နိုင်ငံက ၁၇ သန်း ထပ်တိုး ကူညီခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် NUG လက်အောက်ခံ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေလို့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့အချိန်မှာပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ကို မိုခါမုန်တိုင်း ဝင်ရောက်ခဲ့လို့ ပြည်သူတွေ ဆင်းရဲဒုက္ခတွေနဲ့ ထပ်မံကြုံတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *