Spread the love

ရန်ကုန်၊ဇွန်(၃)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်း ကို မနေ့က(ဇွန်၂)ရက် ညပိုင်းမှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတချို့က လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ကည(၈)နာရီကျော်လောက်မှာ ရဲစခန်းဘက်က ဗုံးပေါက်သံလို အသံအကျယ်ကြီးတွေ ကြားရတယ်၊ သေနတ်ပစ်သံတွေလည်း ဆက်တိုက်ကြားရတယ်၊ ရဲစခန်းကို လာပစ်သွားတာ၊ စခန်းကင်းကျနေတဲ့ တပ်ကြပ်ကြီးတစ်ယောက်နဲ့ တပ်သားတစ်ယောက်တော့ ဒဏ်ရာရတယ်၊ စခန်းဘက်ကတော့ ဒဏ်ရာရတစ်ယောက်မှ မရှိဘူးလို့ ပြောနေတယ် ဒါပေမယ့် လူနာတင်ကားတွေ ဝင်သွားတာကို အနားကလူတွေ အားလုံးတွေ့တယ်” လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့မရဲစခန်းအနီးမှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက်၊ ပဲခူးမြစ်လမ်းက မြို့မရဲစခန်းကို မနေ့က ည(၈)နာရီ(၄၅)မိနစ်အချိန်မှာ ကုလားဝဲတံတားဘက်က မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးပေါ်ကနေ လက်ပစ်ဗုံး(၂)လုံးနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းဝင်းအတွင်းကို တစ်လုံးတိုက်ရိုက် ထိမှန်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ လာရောက်ပစ်ခတ်တိုက်ခိုက်သူတွေကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်း က ကင်းတာဝန်ကျနေတဲ့ ရဲတပ်ကြပ် အောင်မြင့် နဲ့ ရဲတပ်သား သိန်းလင်းအောင် တို့က ခုခံတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

မနေ့ညက တိုက်ခိုက်မှုကို Devils Clan Urban Force အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဒီဇင်ဘာ(၂၂)ရက်နေ့ကလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်းကို လက်နက်ကိုင်ဆောင်ထားသူတချို့က လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတစ်ယောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *