Spread the love

“သူတို့(စစ်ကောင်စီ)က နိုင်ကိုနိုင်မှာဆိုပြီး သွားနေတာ မဟုတ်ဘူး။ ငါတို့ကို နိုင်ကိုမနိုင်ဘူးဆိုပြီး သွားနေတာ။” လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးထက်မြတ် က ပြောပြပါတယ်။

ဗိုလ်ကြီးထက်မြတ် ဟာ ၂၀၂၁ ခုနှစ် (၆) လပိုင်းမှာ တပ်ကိုစွန့်ခွာ CDM ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းဖြစ်စဉ်ကို လက်မခံတဲ့ ဝန်ထမ်းတွေဟာ Civil Disovedience Movement “အာဏာဖီဆန်ရေးလှုပ်ရှားမှု” ကို ပြုလုပ်နေတာပါ။

တော်လှန်ရေးကြာလာတာနဲ့အမျှ စစ်ကောင်စီဟာ တပ်ကိုစွန့်ခွာသွားသူတွေကို တားဆီးနိုင်ဖို့အတွက် တပ်တွင်း ဝါဒဖြန့်မှုပုံစံကို မြေပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေ၊ ကောလဟာလတွေ၊ တဝက်တပျက်အမှန်တရားတွေ (သို့မဟုတ်) အလိမ်အညာတွေကို အသုံးပြုပြီး တပ်တွင်းမှာရှိတဲ့ စစ်သည်တွေရဲ့ သဘောထားတွေနဲ့ အမြင်တွေကို လွှမ်းနိုးနိုင်အောင် ဆောင်ရွက်တဲ့ ဝါဒဖြန့် နည်းလမ်းတွေကို အသုံးပြုလာတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်အောက်ကနေ ထွက်ခွာလာခဲ့သူ စစ်သား နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း တစ်သောင်းခွဲကျော်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government က ဖော်ပြထားပါတယ်။

ဘယ်လိုပုံစံဝါဒဖြန့်တာလဲ

“CDM လုပ်သွားတဲ့ လူတွေဆိုရင်လည်း ဥပမာ- ပုသိမ်တပ်က ထွက်တယ်ဆို ပုသိမ်တပ်က ထွက်သွားတဲ့ လူတွေရဲ့ ဓာတ်ပုံတွေကို ဂိတ်ပေါက် လေးပေါက်ရှိရင် ဂိတ်ပေါက် လေးပေါက်လုံးမှာ အဲ့ဓာတ်ပုံတွေ ချိတ်ထားတယ်။ အပေါ်မှာကျတော့ သရဲပေါကြောင်သောသူများဆိုပြီး စာရေးထားတယ်။ နောက်ပြီး CDM စစ်သားတွေနဲ့ စစ်သည်အမျိုးသမီးတွေကို ပရိုဂျက်တာနဲ့ ထိုးပြီးတော့ ဝါဒဖြန့်တာပါ။ နာမည်ဖျက်တယ်။ ဒီကောင်တွေက ငွေကြေးလိမ်သွားတာ။ KTV က ကောင်မလေးနဲ့ ရှုပ်ပြီးတော့ ပြေးသွားတာ။ အဲ့လိုတွေ ဝါဒဖြန့်တာ။ CDM တွေကို နာမည်ဖျက်တာပေါ့။ CDM မှန်သမျှ မကောင်းဘူး။ ကျန်တဲ့ စစ်သားတွေ ပြည်သူဘက်မပါသွားအောင် ဝါဒမှိုင်းတိုက်တာ။” လို့ လေတပ် CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင် က ပြောပါတယ်။

လေတပ် CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင် ဟာ CDM မပြုလုပ်ခင်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်၊ စက်မှုလက်မှုတပ်မှာ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တာပါ။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လက စတင်ကာ လေတပ် CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင် ဟာ တပ်တွင်း ဖရဲသီး (တပ်က သတင်းတွေကို နွေဦးတော်လှန်ရေးဘက်က အဖွဲ့တွေကို ပြန်လည်ပေးပို့သူ) အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့မှာ CDM ပြုလုပ်ကာ ပြည်သူရင်ခွင်ကို ခိုလှုံခဲ့တာ ဖြစ်ပါတယ်။

“သူတို့(စစ်ကောင်စီ)က ဝါဒဖြန့်တဲ့အခါမှာ အဓိက စစ်သားတွေရဲ့ ယုံကြည်မှုတွေ တည်ဆောက်ခဲ့တယ်။ ဝါဒဖြန့်မှုတွေ အကုန်လုံးကို အသုံးပြုပြီးတော့မှ သူတို့က ထိန်းချုပ်ချင်နေတာ။ စစ်သားတွေကို ရိုင်းသထက်ရိုင်း မိုက်သထက်မိုက်အောင့် ဝါဒဖြန့်နေတာ။” စစ်ကောင်စီရဲ့ ဝါဒဖြန့်မှု ပုံစံတွေကို လေ့လာစောင့်ကြည့်နေတဲ့အဖွဲ့မှာ ပါဝင်တဲ့ အမည်မဖော်လိုသူ အမျိုးသားက ပြောပါတယ်။

တပ်တွင်းစွန့်ခွာမှု မရှိစေဖို့၊ တပ် CDM တွေကို တားဆီးဖို့ နဲ့ တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့အတွက် စစ်တပ်အတွင်း ဝါဒဖြန့်တဲ့ နည်းလမ်းတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

“အခုဆို “ရဲဝံ့စွန့်စားပြည်ချစ်သား ” အယ်ပလီကေးရှင်း ကို သူတို့(စစ်ကောင်စီ)ဘာသာ သူတို့လုပ်ထားတယ်။ စစ်သည်အဆင့်အတန်း မိသားစုအားလုံးကို သူတို့ဖုန်းထဲမှာထည့် ခိုင်းထားပြီးတော့ အဲ့ထဲမှာ ဝါဒဖြန့်တယ်။ မြေပြင်မှာ ဖြစ်တဲ့ ဘယ်တိုက်ပွဲက မှားတယ်။ သူတို့ပြောတဲ့ဟာပဲ အမှန်။ ဒီဘက်က အဖွဲ့တွေက ဘယ်လိုသတင်းမှားတွေ ဖြန့်တယ်ဆိုပြီး သူတို့က ဝါဒဖြန့်တာ။ ပုံအမှား၊ သတင်းအမှားတွေကို ဖြန့်ပြီး စည်းရုံးထားတယ်။” လို့ CDM ဗိုလ်ကြီးထက်မြတ် က ပြောပါတယ်။

CDM ဗိုလ်ကြီးထက်မြတ် ဟာ အရင်က အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ဗဟိုမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

“စစ်သည်အဆင့်အတန်း အကုန်လုံး “ရဲဝံ့စွန့်စားပြည်ချစ်သား ” အယ်ပလီကေးရှင်း မကြည့် မနေရ။ အဲ့ဒါကို like လုပ်တာ share လုပ်တာတို့ကို တပ်တစ်တပ်ကို အရာရှိတစ်ယောက်ထားပြီးတော့ အဲ့အရာရှိတစ်ယောက်က ဦးစီးပြီးတော့ အဲ့ဒါတွေ အကုန်လုံးကို စစ်ရတယ်။ တစ်ရက် like မလုပ်ဘူး သတိပေးတယ်။ နှစ်ရက် like မလုပ်ဘူး သတိပေးတယ်။ နှစ်ခါ သုံးခါဆို ရုံးတင်တယ်။ အပြစ်ပေးတယ် အရေးယူတယ်။ အဲ့လောက်ထိ လုပ်လာတာပါ။ ဒါတွေကသာ အမှန်ပါဆိုပြီး သူတို့ ပြန်ချုပ်ကိုင်ထားတယ်။” လို့ သူက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တပ်တွင်း ဝါဒဖြန့်မှု နည်းလမ်းတွေထဲက တစ်ခုအဖြစ်တဲ့ “ရဲဝံ့စွန့်စားပြည်ချစ်သား ” အယ်ပလီကေးရှင်း နဲ့ ဝက်ဆိုက်ဒ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ဘာသာရေးနဲ့ မှိုင်းတိုက်တာက တော်တော်လေး အရမ်းထိရောက်တယ်။ တကယ်တော့ စစ်သားတွေက ဟိုးအရင်ထဲက တပ်ထဲကို စဝင်ပြီဆိုထဲက ဝါဒမှိုင်းတိုက်ခံခဲ့ရတော့ သူတို့ရဲ့ အသိဉာဏ်ဆိုတာ မရှိတော့ဘူး။ သူတို့ကိုယ်ပိုင် အတွေးအခေါ်ဆိုတာ တော်တော်လေး အားနည်းသွားတယ်။ တော်တော်လေးကို အသိဉာဏ်ရှိတဲ့လူ စာဖတ်တဲ့လူ လေ့လာတဲ့လူတွေလောက်ကပဲ ဖောက်ထွက်ပြီး တွေးတာပေါ့။ တော်ရုံတန်ရုံ ကောင်က အထက်က ပြောသမျှ အမှန်ဆိုတာမျိုး ဖြစ်လာတယ်။” လို့ CDM ဗိုလ်ကြီးထက်မြတ် က ပြောပါတယ်။

တပ်ရင်းတစ်ရင်းတွေအနေနဲ့ အရင်က ဗျူဟာမှူးအဆင့်ရှိသူကို မြင်တွေ့ရဖို့ အင်မတန်ခဲယဉ်းပေမယ့် အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာတော့ ဗျူဟာမှူး၊ တိုင်းမှူးနဲ့ တပ်မဟာမှူး အဆင့်ရှိသူတွေဟာ တပ်တွင်းစည်းရုံးရေးနဲ့ ဝါဒဖြန့်မှုတွေကို ပြုလုပ်ဖို့အတွက် တပ်ရင်းတွေဆီကို မကြာခဏ လာလေ့ရှိပါတယ်။

“ငါတို့တပ်မတော်က ဘာလုပ်နေတာ အပြင်မှာဖြစ်နေတဲ့ အဖွဲ့တွေက ဘာဆိုပြီး သွေးခွဲတဲ့ ဝါဒဖြန့်တဲ့ စကားတွေနဲ့ စည်းရုံးရေး တောက်လျှောက်ဆင်းနေတာ။ သူတို့(စစ်ကောင်စီ) ဝါဒဖြန့်တာက ပုံစံပြောင်းလာတယ်လို့ မဟုတ်ဘူး။ သူတို့ပုံစံက အဲ့ပုံစံပဲ။ ဆိုလိုတာက ကျွန်တော်တို့ ပြောသမျှ အမှား၊ သူတို့ ပြောသမျှ အကုန်အမှန် အဲ့ဒါနဲ့ ပတ်သက်တဲ့ အချက်အလက် အကုန်လိုက်ရှာပြီး သူနဲ့ ကိုက်ညီတဲ့ အကြောင်းအရာပေါ်မှာ မူတည်သုံးပြီး ဝါဒဖြန့်တာ။” လို့ သူက ပြောပါတယ်။

ဝါဒဖြန့်မှုက အောင်မြင်လား

“၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို မဖြစ်မနေ အနိုင်ရရှိရေးအတွက် မသမာသည့်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ မဲစာရင်းများ မှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းပေးနိုင်ရေး တာဝန်ရှိသူများထံ အကြောင်း ကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အဓမ္မရယူ ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဝင်ရောက် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊” အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ မေလ (၁၂) ရက်နေ့က တွေ့ဆုံချိန်မှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၄၀ မှာ မြန်မာ့တပ်မတော်ဟာ ကမ္ဘာ့အဆင့် ၃၈ ရှိတယ်လို့ ၂၀၂၁ ခုနှစ် Global Firepower (GFP)က ဖော်ပြထားပါတယ်။

တပ်မတော်မှာ အရင် စစ်သည်အင်အား ၃ သိန်းမှ ၄ သိန်းအထိ ရှိနိုင်တယ်လို့ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန အချက်အလက်ဆိုင်ရာ မှတ်တမ်းတွေအရ သိရပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီမှာ စစ်သည်အင်အား ထက်ဝက်နီးပါးသာ ကျန်ရှိနိုင်တော့တယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်း ပြောဆိုနေကြတာတွေ ရှိနေပါတယ်။

“တပ်တွင်း ဝါဒဖြန်တဲ့အခါမှာ အမြဲပြောတဲ့စကားက အာဏာထိန်းတာ။ အထဲထဲမှာ အားလုံးယုံကြည်ထားတာ NLD ဘက်က မဲမသမာမှုကြောင့် မင်းအောင်လှိုင်က ဖြေရှင်းဖို့ ခွင့်တောင်းတယ်။ အဲ့ဒါကို လုံး၀ ဂရုမစိုက်ဘဲ မဖြေရှင်းပေးတဲ့အတွက် ဒီလိုမျိုး အာဏာထိန်းလိုက်တယ်ပေါ့။ ဒီကိစ္စတွေ ဖြေရှင်းပြီးတဲ့အချိန်မှာ အာဏာပြန်ပေးမယ်ပေါ့။ အထဲထဲက အခုထိ အဲ့လို လက်ခံထားတုန်းပဲ။” လို့ CDM ဗိုလ်ကြီးထက်မြတ် က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တပ်ကို စွန့်ခွာသူတွေ များလာခဲ့ပေမယ့် တော်လှန်ရေးအချိန်ကြာလာတာနဲ့ အမျှ စစ်ကောင်စီလက်အောက်ကို ပြန်လည် ဝင်ရောက် ပူးပေါင်းသူတွေလည်း ရှိနေပါတယ်။

“အဓိက သူတို့က စိတ်ဓာတ်စစ်ဆင်ရေးနဲ့ နိုင်ငံကို နှစ်ပေါင်းများစွာ ထိန်းလာတာက လက်နက်နဲ့ဆိုတာထက် စိတ်ဓာတ်စစ်ဆင်ရေး ဆိုတာတွေ ပိုများတယ်။ အဓိက တန်ပြန်ဝါဒဖြန့်တာ ဝါဒမှိုင်းတိုက်တာ အဲ့ဒါတွေနဲ့ ထိန်းလာခဲ့တာ ပိုများတယ်။ စိတ်ဓာတ်စစ်ဆင်ရေးကို သူတို့က နှစ်ရှည်လများ လက်နက်တစ်ခုလို သုံးခဲ့တာ။ အဲ့ဒါက ပိုထိရောက်ခဲ့တာ။ သေနတ်နဲ့ ထိန်းခဲ့တာက အဲ့လောက်မထိရောက်ဘူး။ သူတို့က စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပတ်သတ်ပြီး ဒီဟာပေါ်မှာ ဘယ်လောက်အထိ ကျွမ်းကျင်လဲ ဘယ်လောက်ထိ ထဲထဲဝင်ဝင် လုပ်လည်းဆိုတာကို အများကြီးပြောပြနေစရာ မလိုဘူး။” လို့ သူက ပြောပါတယ်။

အမှတ် ၃၅၁ ခြေမြန်တပ်ရင်းက အကြီးတန်း အရာရှိအဆင့် ဗိုလ်မှူး မျိုးမင်းထွန်း ဟာ CDM ပြုလုပ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံထဲက နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မဲဆောက်မြို့ကို ထွက်ပြေး တိမ်းရှောင် လာခဲ့ပါတယ်။

ဗိုလ်မှူး မျိုးမင်းထွန်း ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ စစ်ကောင်စီအဖွဲ့ဆီ ပြန်သွားတဲ့ ပထမဆုံး Non CDM အရာရှိတစ်ယောက် ဖြစ်ပါတယ်။

“မျိုးမင်းထွန်း ပြန်ဝင်သွားတဲ့ ကိစ္စမှာ အဲ့နောက်ပိုင်းမှာ စစ်ကောင်စီက လုံးဝကို အမြတ်ထွက်သွားတယ်။ CDM ဆိုပြီး ခံယူချက်နဲ့ လာတဲ့အဖွဲ့တွေက CDM တောင် စာရင်းလာမပေးတော့ဘူး။ သူတို့ဘာသာ သူတို့ဇာတ်မြုတ်ပြီးနေမယ်။ သူတို့ဘာသာ သူတို့ ဘယ်သူမှ မဆက်သွယ်ပဲနဲ့ ခွင့်မဲ့ စစ်ပြေးပုံစံမျိုးနဲ့ပဲ နေမယ်။

တော်လှန်ရေးမှာလည်း မပါတော့ဘူးဆိုတဲ့ အဖွဲ့တွေက ပိုပိုလာတယ်။ အရင်က ထွက်လာပြီဆို CDM ဆိုပြီး စာရင်းလာပေးကြတယ်။ အခု CDM ဆိုပြီး ဒီဘက်က လက်မခံရဲတာလည်း ဖြစ်မယ်။ ဟိုဘက်ကလည်း CDM ဆိုပြီး မပြောရဲတာ ရှိမယ်။ အဲ့ဒါတွေကြောင့် မျိုးမင်းထွန်း ကိစ္စပြီးတဲ့နောက်မှာ CDM ကတော့ စာရင်းပေးတာ နည်းလာတယ်။ ထွက်တဲ့အဖွဲ့ကတော့ လျော့မသွားဘူး။ CDM ဆိုပြီး လာပြီး စာရင်းပေးတဲ့ လူကတော့ လျော့သွားတယ်။” လို့ CDM ဗိုလ်ကြီးထက်မြတ် က ပြောပါတယ်။

အရာရှိ အဆင့်ရှိသူ ဗိုလ်မှူး မျိုးမင်းထွန်း အပါအဝင် စစ်ကောင်စီကို ပြန်လည်ခိုလှုံခဲ့တဲ့ သူတွေ ရှိလာလို့ CDM တွေ၊ Non CDM တွေနဲ့ တပ်ကနေ စွန့်ခွာဖို့ ကြိုးစားနေသူတွေကြားမှာ ရိုက်ခတ်မှုတွေရှိခဲ့လို့ အပြန်အလှန် ယုံကြည်မှုတွေ လျော့နည်းလာတာပါ။

CDM တပ်ကြပ်ကြီး (အမည်မဖော်လိုသူ) က “မျိုးမင်းထွန်း ဝင်သွားပြီးနောက်ပိုင်း အများကြီး အပြောခံရတယ်။ တပ်တွင်းက ထွက်လာဖို့ စဉ်းစားထားတဲ့ သူတွေကလည်း ဒီဘက်က လူတွေကို မဆက်သွယ်ရဲတော့ဘူး။ အဓိကက အဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်း CDM နဲ့ တပ်တွင်းက လူတွေကြားမှာ တော်တော်လေး ဂရက်ရိုက်သွားတယ်။ အချင်းချင်းကြားမှာ ယုံကြည်မှု နည်းသွားတယ်။ ပြည်သူကလည်း ကျွန်တော်တို့ကို မယုံရဲတော့ဘူး။” လို့ ပြောပါတယ်။

တပ်ကို ဘယ်သူတွေ စွန့်ခွာခဲ့တာလဲ

“မှန်တဲ့သတင်းတွေကို စစ်တပ်က ပြောင်းပြန် ပြန်လုပ်လိုက်တယ်ဆိုတာ အဲ့ဒါမျိုးတွေက ကိုယ်တိုင်ကြုံတွေ့၊ လုပ်လာရတော့ ဘယ်ဟာက အခြေအနေ အမှန်လဲဆိုတာကို သိတယ်” လို့ လေတပ် CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင် က ပြောပါတယ်။

လေတပ် CDM အုပ်ခွဲ တပ်ကြပ်ကြီး နေဝင်းအောင် ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံလေတပ်စခန်း၊ လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနမှာ တာဝန်ထမ်းဆောင်စဉ်ကာလက ဗိုလ်ချုပ်မှူးကြီး(ဟောင်း) ဦးသန်းရွှေ နားထောင်ဖို့အတွက် VOA, RFA, BBC သတင်းတွေကို အသံဖမ်းပြီးနောက် လက်ရေးနဲ့ ပြန်လည်ရေးသားရတဲ့ အလုပ်ကို ၂၀၀၀ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ (၇) နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ရတာ ဖြစ်ပါတယ်။

“ဦးနှောက်ရှိတဲ့လူနဲ့ ဦးနှောက်မရှိတဲ့လူနဲ့ သိသာတယ်ဆိုတာ ကျွန်တော်တို့က မြင်နေတွေ့နေရတာကို ဒါတွေက အမှန်ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကို သိနေရတာပဲလေ။ တချို့စည်းရုံးရေးတွေက for show တွေ အပေါ်ယံတွေ ဓာတ်ပုံမှတ်တမ်းယူပြီး ဝါဒဖြန့်တဲ့ အဆင့်လောက်ပဲ ရှိတယ်။” လို့ သူက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က ပြည်သူ့ရင်ခွင့်အဖွဲ့ဆီ ကို ခိုလုံလာတဲ့ တပ်မတော်သား ၃၂၃၆ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၃၂၇ ယောက်ရှိပြီ ဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောကြားခဲ့ပါတယ်။

ပြည်သူ့ရင်ခွင့်အဖွဲ့ ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး စစ်သား နဲ့ ရဲ တပ်ဖွဲ့ဝင် CDM တွေကို CDM ကုဒ်ထုတ်ပေးတာ အပါအဝင် မူဝါဒဆိုင်ရာ ဆွေးနွေးပေးတာ တွေကိုပါ ပြုလုပ်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

“သူတို့ ဝါဒဖြန့်စည်းရုံးရေးက အရင်ထဲကလည်း အောင်မြင်ခဲ့တာ မဟုတ်ဘူး။ အရင်ထဲက မအောင်မြင်တာကို အာဏာသိမ်းဖြစ်စဉ် ဖြစ်ပြီးတော့ လုံးဝထိန်းမရတဲ့ အနေအထားဖြစ်လာတာ။ တပ်ထဲမှာ ပုန်ကန်မှုတွေ၊ အမိန့်မနာခံမှုတွေ ဖြစ်လာတယ်။ အမိန့်ဖိဆန်တာတွေ၊ အာဏာဖိဆန်တာတွေ ဖြစ်လာတယ်။ တချို့တပ်တွေဆို တိုက်ခိုင်းရင် လုံး၀ မတိုက်တော့ဘူးဆိုတာတွေ ဖြစ်လာတယ်။ ဒါက ခပ်စိတ်စိတ် ဖြစ်လာတယ်။ ကျွန်တော်တို့ နေခဲ့စဉ်တုန်းက အဲ့လို ဖြစ်ရပ်မျိုးက တော်တော်လေးရှားတယ်။ ဖြစ်ပြီဆိုရင်လည်း အဲ့ဒါက တော်တော်ထူးဆန်းတယ်။ အခုက အဲ့လိုမျိုး အထူးအဆန်းကို မဟုတ်တော့ဘူး။ ဘယ်မှာတော့ ပုန်ကန်ပြန်ပြီး ဘယ်မှာတော့ အာဏာဖိဆန်ပြန်ပြီဆိုပြီး ဖြစ်နေကြ ပုံစံမျိုးကို ဖြစ်နေတာပေါ့။” လို့ CDM ဗိုလ်ကြီးထက်မြတ် က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် မည်သူမဆို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေကျပ် သိန်းတစ်သောင်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်တွေကို ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေကျပ် သိန်းခြောက်ထောင် ချီးမြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အခုနှစ်မှာ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် တင့်ကား၊ သံချပ်ကာကားတွေ ယူလာနိုင်ရင် မြန်မာငွေကျပ် သိန်းနှစ်ထောင် ချီးမြှင့်မယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့အတူ လာရောက်ပူးပေါင်း CDM လုပ်ရင်လည်း ဆုကြေးငွေ ချီးမြင့်သွားမှာ ဖြစ်တယ်လို့ NUG က ပြောပါတယ်။
NUG အနေနဲ့ လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်ကနေ CDM ပြုလုပ်လာတဲ့ စစ်သား နဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို ငွေကျပ် စုစုပေါင်း ဘယ်လောက်အထိ ဆုကြေးချီးမြှင့် ပေးပြီးပြီဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

CDM ဗိုလ်ကြီးထက်မြတ် က “တပ်ထဲမှာ စည်းရုံးတာ၊ ဝါဒဖြန့်တယ်ဆိုတာက ဟိုးအရင်ထဲက ရှိတယ်။ ဒီအာဏာသိမ်းဖြစ်စဉ် မတိုင်ခင်ထဲက တစ်လျှောက်လုံး စည်းရုံးခဲ့တာပေါ့။ အဲစည်းရုံးတာက အမြဲတမ်း အတင်းအကြပ်ကြီး အမိန့်တွေ အာဏာတွေနဲ့ သွားတာဖြစ်တဲ့အတွက် အဲ့ထဲက တပ်တွင်းစည်းလုံးညီညွတ်မှုက ပြိုကွဲစပြုနေပြီ၊ စည်းလုံးတာ မရှိတော့ဘူး။ အခု အာဏာသိမ်းပြီး နောက်ပိုင်းကြတော့ တပ်တွင်းစည်းလုံး ညီညွတ်မှုက ပိုပိုပြီး ပြိုကွဲလာတယ်။ သူတို့(စစ်ကောင်စီ)ရဲ့ စည်းရုံးရေး စွမ်းရည်နဲ့ ဝါဒဖြန့်တာက အရင်ထဲက လွှဲမှားခဲ့တဲ့ဟာက အခုချိန်မှာ မှန်အောင်ကို ပြန်မလုပ်နိုင်သေးဘူး။ အခုချိန်ကျမှ လုပ်လည်း မမှီတော့ဘူး”

ချယ်ရီ

Leave a Reply

Your email address will not be published. Required fields are marked *