ရန်ကုန်၊ ဇွန် (၂၃)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တမိုင်းကုန်းကျေးရွာက ရေကူးကန် စစ်ကောင်စီတပ်စခန်းကုန်း PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းဆီက သိရပါတယ်။
ရေကူးကန် စစ်ကောင်စီတပ်စခန်းကုန်း ကို ဇွန် (၂၁) ရက်နေ့လယ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က (၈) ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒီနေ့မှာ သူတို့က ပြောပါတယ်။
“ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိအခိုက် အကျအဆုံးများသဖြင့် တိုက်လေယာဉ်များအသုံးပြုကာ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ တစ်နေကုန် ရမ်းသန်းပစ်ခတ်ခဲ့”တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း ကျားသစ်နက်စစ်ကြောင်းဘက်ကလည်း ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။