Spread the love

ရန်ကုန်၊ဇူလိုင်(၁၅)

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ (၅၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာကို အာဏာသိမ်းစစ်ကောင်စီက ကန့်ကွက်ကြောင်း ပြန်လည်ထုတ်ပြန်ထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး ထုတ်ပြန်ချက်တွေဟာ အာဆီယံပဋိညာဉ်ပါ မူကြီးတွေနဲ့ ကိုက်ညီတာမရှိတဲ့အတွက် လက်မခံဘဲ ကန့်ကွက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

ကန်ကွက်တဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ခေါင်းစဉ်အောက်မှာ သက်ဆိုင်ရာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို နိုင်ငံထူထောင်ရေး ကြိုးပမ်းနေတဲ့ သဘောထား ရပ်တည်ချက်တွေကို ထည့်သွင်းစဉ်းစားတာမရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကို ဖော်ပြထားတာဟာ အာဆီယံပဋိညာဉ်စာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ “ဝင်ရောက်မစွက်ဖက်ရေးမူ” နှဲ့ သွေဖယ်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လက်ခံခြင်းမရှိဘူးလို့ ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက်ထဲမှာ အကြမ်းဖက်မှုတွေရပ်ဖို့၊ သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့အချက်တွေပါဝင်ခဲ့ပြီး စစ်ကောင်စီအနေနဲ့ ၂ နှစ်ကျော်ကြာတဲ့အထိ ဖြစ်ပေါ်တိုးတက်တာမရှိတဲ့အတွက် ဘုံသဘောတူညီချက်မူတွေကို အာဆီယံက ဆက်လက်ကိုင်စွဲထားခဲ့တာပါ။

မြန်မာနိုင်ငံကို တိတ်တဆိတ်လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကိုလည်း ဘုံသဘောတူညီချက်တွေအတိုင်း အာဆီယံဥက္ကဌ နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံက တိုက်တွန်းခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *