ရန်ကုန်၊ ဩဂုတ် (၂၄)
မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ဘယ်လိုအခြေအနေတွေ (သို့မဟုတ်) ဘာအကြောင်းအရာတွေကို စောင့်ဆိုင်းနေတာလဲဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကမေးခွန်းထုတ်လိုက်ပါတယ်။
အခုအချိန်မှာ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် အချိန်ဟာ အထူးအရေးကြီးတယ်လို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ မနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအရေးကိစ္စအတွက် လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့နဲ့ မျှော်မှန်းချက်တွေကိုလည်း လေးစားဖို့လိုသလို ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကယ်တင်ပေးနိုင်မယ့် အရေးယူဆောင်ရွက်ချက်တွေကို မဆိုင်းမတွဘဲ ချက်ချင်းချမှတ် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကတိုက်တွန်း ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ပြစ်ဒဏ်ခတ် ကင်းလွတ်နေမှုကို အပြီးတိုင်ရပ်တန့်ဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှု ပိုမိုကြီးထွားလာတာတွေကို ကြိုတင်ကာကွယ်ဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခင်အကျင်းဟာ ပြည်တွင်းစစ် မဟုတ်ဘဲ အကြမ်းဖက် မတရားအာဏာယူထားတဲ့ အာဏာရှင် စစ်တပ်ကို ခုခံဆန့်ကျင်နေတဲ့ ပြည်သူ့တော်လှန်ရေး ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့သတ်ဖြတ်တာခံခဲ့ရသူ စုစုပေါင်းမှာ (၄၀၀၀) ယောက် ရှိနေပြီ ဖြစ်တယ်လို့ မနေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။