Spread the love

ရန်ကုန်၊ ဇန်နဝါရီလ (၂)

ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးလာနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။

တာဝန်ရှိသူ၊ သက်ဆိုင်သူအားလုံးက မှန်ကန်တဲ့ စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒတွေနဲ့ တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သူက ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်ကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းလာစေဖို့အတွက် အဓိကအခြေခံအချက်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါး ကို တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်တဲ့ စုပေါင်းအင်အားနဲ့ နိုင်ငံတော်ကို ဆက်လက် တည်ဆောက်သွားကြဖို့ သူက တိုက်တွန်းပြောဆိုထားပါတယ်။

ကရင်တိုင်းရင်းသား တွေအနေနဲ့ ပညာ နဲ့ ယှဉ်တဲ့သတ္တိ၊ မေတ္တာ နဲ့ ယှဉ်တဲ့ ရဲရင့်တာတွေကို ထားရှိဖို့နဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ ရှုမြင်ကာ ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ကို လက်တွဲပူးပေါင်းဖော်ဆောင်ကြဖို့ကိုလည်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်ထားပါသေးတယ်။