Spread the love

ရန်ကုန်၊နိုဝင်ဘာ(၃၀)

မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့နိုင်ငံဖြစ်ပါတယ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူကတောင်းဆိုတဲ့အတွက် တပ်မတော်က ဖော်ဆောင်ပေးနေတာ ဖြစ်တယ်ပြီး အခုမှ လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။

မနေ့က နေပြည်တော်မှာ လုပ်တဲ့ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ သူကပြောကြားခဲ့တာပါ။

“တပ်မတော်က လိုက်ပြီးတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ထောက်ခံတာမဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းပြီးတဲ့ နောက်ကစပြီး နဝတ ကြေညာချက်တွေကို ကြည့်ပါက တပ်မတော်ကကိုယ်စားပြုပြီး ကြေညာခဲ့ခြင်းဖြစ်ပါတယ်၊ ပါတီစုံဒီမိုကရေစီကို သွားမယ်ဆိုပြီး တပ်မတော်ကပြောခဲ့ပါတယ်၊ အဲ့ဒီအတိုင်းပဲ ပါတီစုံ ဒီမိုကရေစီစနစ်ကို အခိုင်အမာအထောက်အကူပေးနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုရေးဆွဲပြီး ရွေးကောက်ပွဲလမ်းကြောင်းကို ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က၂၀၂၁ ခုနှစ်မှာအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆီကနေ နိုင်ငံတော်အာဏာကို အတင်းလုယူခဲ့ပေမယ့် အရင်ကပြောခဲ့သလို မဲမသမာမှုတွေကြောင့်လို့ သူကထပ်ပြီး ပြောဆိုခဲ့ပါသေးတယ်။

“ရွေးကောက်ပွဲလုပ်ခဲ့တာ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ သုံးကြိမ် လုပ်ခဲ့တာ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြဿနာ အနည်းအကျဉ်းရှိတာလွဲလို့ ကြီးကြီးမားမား ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး၊ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရုပ်ပျက်ဆင်းပျက်ကို မဲမသမာမှုတွေ ပြုလုပ်ခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။ အဲ့ဒီနောက် မရိုးသားတဲ့၊ မသန့်စင်တဲ့ မဲရလာဒ်တွေနဲ့ အာဏာရဖို့အတွက်၊ အဓမ္မအာဏာရဖို့အတွက် ကြိုးစားလာတဲ့ အတွက်ကြောင့် ကျွန်တော်တို့ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေ ကြေညာပြီးတော့မှ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့တာပါ ” လို့ သူကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *