Spread the love

ကရင်နီ၊ဒီဇင်ဘာ(၂)

စစ်ကောင်စီက စစ်ရာဇဝတ် ကျူးလွန်တာတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၄၄၉ ယောက်၊ ‌စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၄၇ ယောက်နဲ့ တိုက်ပွဲအတွင်း အသက်ပေးခဲ့ကြရသူ ရဲဘော် ၃၉၃ ယောက် စုစုပေါင်း ၉၈၉ ယောက်ရှိတယ်လို့ PKPF သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကရင်နီပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု စာရင်းကို တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားတာပါ။

ကရင်နီပြည်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၂၇၅၄ ဦး၊ စစ်ကောင်စီယာဉ် ပျက်စီးမှု ၆၈ စီးနဲ့ တိုက်လေယာဉ်ပျက်စီးမှု ၂ စီးရှိခဲ့ပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲအရေအတွက် ၉၀၆ ကြိမ်၊ စစ်ကောင်စီရဲ့ လေ‌ကြောင်းတိုက်ခိုက်မှု ၈၈၀ ကြိမ်၊ ပျက်စီးဆုံးရှုံးခဲ့တဲ့ ဘာသာရေး အဆောက်အအုံ ၄၆လုံး၊ နေအိမ် ၂၁၉၄ လုံး၊ ဆေးရုံ/ဆေးပေးခန်း ၁၄ လုံး နဲ့ စာသင်ကျောင်း အလုံး ၂၀ ပျက်စီးခဲ့တယ်လို့ လည်း ဆိုပါတယ်။

အဲ့ဒီအပြင်စစ်ကောင်စီက အကြောင်းအမျိုးမျိုးနဲ့ မတရားဖမ်းဆီးခံရသူ ၁၅၀ ယောက်ရှိတယ်လို့လည်း PKPF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေးက စစ်ကောင်စီဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်နေပြီး အဲ့ဒီလိုစစ်ရာဇဝတ်မှုတွေကို ကျူးလွန်ထားတဲ့အတွက် နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ဖို့ အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *