Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၇)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်ကို အသစ်ရောက်ရှိလာတဲ့ ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းနဲ့ ဇော်မြင့်ဦး ဟာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေတာတွေကို ကန့်ကွက်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကပြောပါတယ်။

ထောင်ပိုင်ရောက်လာချိန်မှာ အကျဉ်းသားတွေက “မင်္ဂလာပါ” လို့ ကြိုဆို နှုတ်ဆက်တာ မရှိလို့ အကျဥ်းသားတွေကို ပုံစံထိုင်ခိုင်းပြီး ညစ်ညမ်းစွာ ဆဲဆိုခဲ့ပြီး အိမ်ဆောင်အတွင်းကို ဝင်ရောက်စစ်ဆေးချိန်မှာလည်း အိပ်ရာ၊ စောင်၊ အဝတ်အစားတွေကို ဖိနပ်နဲ့ တက်နင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ (၁၅) ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို အပြုအမူတွေကို ဆက်မလုပ်ဖို့ ဦးစီးအရာရှိ တင်အောင်ဆန်းဝင်း နဲ့ တာဝန်ခံ ဇော်မြင့်ဦး ကို အကျဉ်းသားတွေက တွေ့ဆုံပြောဆိုတဲ့အခါမှာ လာရောက်ပြောသူတွေကို တစ်ယောက်ချင်းစီ ခွဲထုတ်ပြီး ရိုက်နှက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကပြောပါတယ်။

“မင်းတို့တွေကို ဘောပင်လေး တစ်ချက်လှည့်ပြီး ဒုက္ခပေးလို့ရတယ်” ဆိုပြီး ဦးစီးအရာရှိ တင်အောင်ဆန်းဝင်း က ခြိမ်းခြောက် ပြောဆိုတာမျိုးတွေ ရှိနေပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေတာတွေကို ရပ်တန်းက ရပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဥ်းသားတွေအားလုံးကို ပြန်လည်တောင်းပန်ဖို့နဲ့ မုံရွာအကျဉ်းထောင်အတွင်းက ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားပြီး တော်လှန်ရေးပြီးဆုံးပါက တရားဥပဒေနဲ့အညီ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကသတိပေး ပြောကြားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *