Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၃)

စစ်ကောင်စီတပ်တွေ ထွက်ပြေးချိန်မှာ ကျန်ရှိခဲ့တဲ့ လက်နက်၊ ခဲယမ်းတွေကို မည်သူမဆို လာရောက်အပ်နှံပါက ဆုကြေးငွေ ချက်ချင်းပေးမယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မိမိတို့ မရောက်ရှိသေးတဲ့ နေရာတွေနဲ့ မိမိတို့ ရှာဖွေမတွေ့နိုင်တဲ့ လက်နက်ခဲယမ်းတွေ ရှိနေနိုင်လို့ စစ်ကောင်စီလက်အောက်ခံတွေ စွန့်ပစ်ထားတဲ့ လက်နက်ခဲယမ်းတွေကို မည်သူမဆို တွေ့ရှိပါက နီးစပ်ရာ AA စခန်းတွေနဲ့ အာရက္ခပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတွေဆီကို အပ်နှံနိုင်ပြီး လက်နက် ခဲယမ်း အဆိုး၊ အကောင်းပေါ်မူတည်ကာ ထိုက်သင့်တဲ့ ဆုငွေကို ချက်ချင်းပေးအပ်သွားမှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနယ်မြေတွေမှာ သာမာန်အရပ်သားပြည်သူတွေ လက်နက်ခဲယမ်းကိုင်ဆောင်တာနဲ့ ရောင်းဝယ်တာကို လုံး၀ခွင့်ပြုမှာ မဟုတ်လို့ လက်နက်ကိုင်ဆောင်ထားသူတွေ အနေနဲ့ ဒီနေ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့က စတင်ကာ ဖေဖော်ဝါရီ (၁၉) ရက် ည (၁၂) နာရီ နောက်ဆုံးထားပြီး လာရောက်အပ်နှံကြဖို့နဲ့ သတ်မှတ်ထားတဲ့ ရက်အတွင်း လာရောက်အပ်နှံတာမလုပ်ဘဲ ဖုံးကွယ်ထားတာကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူသွားမှာ ဖြစ်တယ်လို့ သူတို့က သတိပေးပြောကြားလိုက်ပါတယ်။

ရက္ခိုင့်တပ်တော် ဟာ ရက္ခိုင်နဲ့ ပလက်၀ဒေသအတွင်းက စစ်ကောင်စီရဲ့ ဗျူးဟာစခန်းတွေ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းတွေ၊ ရဲတပ်ရင်းတွေနဲ့ ရဲစခန်းတွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၃) ရက်နေ့ကစတင်ကာ တိုက်ခိုက်သိမ်းပိုက်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *