ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းသာယာမှုမရှိခဲ့တဲ့ အတိတ်ကာလဆီကို လှမ်းကြည့်မိတိုင်း ဝမ်းနည်းစရာအဖြစ် အပျက်တွေနဲ့ကြုံနေတဲ့ အခြေအနေတစ်ခုကို ကြုံခဲ့ရဖူးပါတယ်။
လူအုပ်စု တစ်စုနဲ့ အုပ်စုတစုကြားမှာ ရန်ညှိုးတွေဖွဲ့ပြီး အတူယှဉ်တွဲနေထိုင်ဖို့ ခက်ခဲခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။
ဒီလို အတိတ်ဆိုး၊ အိပ်မက်ဆိုးတွေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ စိတ်ကူးအိပ်မက်တွေကို မောင်တောမြို့က ဒေသခံ လူငယ် တချို့က စတင် အကောင်အထည်ဖော်ခဲ့တာ အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပါပြီ။
ရခိုင်ဒေသ ပဋိပက္ခတွေရဲ့ အဓိကနေရာတစ်ခုဖြစ်ခဲ့တဲ့ မောင်တောဒေသမှာ ရခိုင်၊မွတ်ဆလင်၊ ဟိန္ဒူ၊ သက်၊ မြို စတဲ့ လူငယ်တွေစုစည်းပြီး မတူကွဲပြားတဲ့ လူမျိုးစုတွေရဲ့ အနာဂါတ်မျိုးဆက်သစ်လူငယ်တွေကြားမှာ ဒေသတွင်းနေထိုင်ကြတဲ့ လူမျိုးတွေရဲ့ ရိုးရာ၊ ဓလေ့ထုံးတန်းစဥ်လာတွေကို ဖလှယ်ပြီးတော့ ငြိမ်းချမ်းစွာ အတူနေထိုင်ရေးအတွက် သူတို့ရဲ့ အလင်းတစ်စက်ဆိုတဲ့ ရွေ့လျားစာကြည့်တိုက်ကို စတင်ခဲ့ကြပါတယ်။
“အလင်းတစ်စက်ဆိုတာက မျိုးဆက်သစ်တွေအတွက် မတူကွဲပြားတဲ့ လူတစ်မျိုးနဲ့ တစ်မျိုးခွဲခြားဆက်ဆံမှုတွေ မရှိအောင် မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ချက်ထားပါတယ်” လို့ မွတ်ဆလင်လူငယ် တစ်ယောက်ဖြစ်တဲ့ ကိုခင်မောင်ထွန်း ကပြောပါ တယ်။
အတိတ်ရဲ့ အရိပ်ဆိုး
ရခိုင်ပြည်ရဲ့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အနီးဆုံး ချဉ်းကပ်ကြည့်မယ်ဆိုရင် ၂၀၁၂ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်နဲ့ မွတ်ဆလင်တွေကြားက လူမျိုးရေး၊ ဘာသာရေးပဋိက္ခတွေကြောင့် နှစ်ဖက်လူမျိုးတွေရဲ့ အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရသလို၊ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးအဆောက်ဦးတချို့ဟာလည်း ပျက်စီးခဲ့ရပါတယ်။
ဒီထက်ဆိုးရွားတာကတော့ အရင်ကကူးလူးဆက်ဆံနေခဲ့တဲ့ လူ့အသိုင်းဝိုင်းနှစ်ခုဟာ လုံးဝခြားနားပြီး ကူးလူး ဆက်ဆံမှုတွေတင်မက တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုတွေလည်း ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ် ကာလအတွင်းမှာလည်း စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးတွေကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တောစတဲ့ မြို့နယ်တွေက မွတ်စလင် ၇၀၀၀၀၀ သိန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ဝါဒဆိုင်ရာမှိုင်းတိုက်မှုတွေ၊ ပဋိပက္ခဖြစ်ပွားအောင်လှုံ့ဆော်မှုတွေဟာ ရခိုင်ဒေသတွင်းမှာ အတူနေထိုင်တဲ့လူမျိုးတိုင်းအတွက် သမိုင်းဆိုင်ရာအရိပ်မဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။
အလင်းတစ်စက်ရဲ့ တာဝန်ခံ ကိုကျော်အေးမောင်က “အတိတ်မှာဖြစ်သွားတဲ့ ဖြစ်စဥ်တွေအရ ကျွန်တော်တို့ လူငယ်တွေ စုစည်းနိုင်ဖို့အတွက်တော့ မလွယ်ကူခဲ့ဘူး” လို့ ပြောပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့အတွက် ၂၀၁၂ ပဋိပက္ခတွေ၊ ၂၀၁၇ ပဋိပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေကို ရှာဖွေပြီးတော့ အဲဒီဖြစ်စဉ်ကနေ တစ်ဦးနဲ့ တစ်ဦး နားလည်မှုလွဲနေတာတွေကို ရှင်းပြကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီပဋိပက္ခဖြစ်လာတဲ့ အကျိုးဆက်တွေနဲ့ ပဋိပက္ခတွေက ဘယ်နေရာက ဘယ်လိုဖြစ်လာတယ်ဆိုတာကို ရှာဖွေကြတယ်လို့ သိရပါတယ်။
“တကယ့်ရော ကိုယ်တို့ဒေသမှာရှိတဲ့ လူမျိုးတွေကြားဖြစ်နေကြတာလား။ ဆိုတာကို အချင်းချင်းတွေ့ဆုံကြရင်း လုပ်ဖြစ်ခဲ့တာ” လို့ သူက ဆိုပါတယ်။
ပဋိပက္ခအလွန်ဆက်ဆံရေး
၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုတို့လို ပဋိပက္ခအလွန်ကာလတွေမှာ ရခိုင်နဲ့မွတ်ဆလင်တွေကြား ဆက်ဆံရေးအခြေအနေတွေ လုံး၀ပြတ်တောက်သွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းပြန်လည်ပြီး ဆက်ဆံရေး ကောင်းမွန် လာခဲ့ ပါတယ်။
အထူးသဖြင့် ၂၀၂၁-၂၂၀၂ ခုနှစ်အတွင်းမှာ ရခိုင်ပြည်တွင်းမှာ သိသာတဲ့ ပြောင်းလဲရေးတွေကို တွေ့မြင် လာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဥပမာဆိုရရင် ၂၀၂၂ ခု မေအတွင်းမှာတော့ မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်မှာရှိတဲ့ ဘုရားပေါင်း ဘုရား အနေကဇာတင်ပွဲမှာ ရခိုင်-မွတ်ဆလင် ကျင်ကိုင်ပွဲကိုထည့်သွင်းကျင်းပခဲ့သလို ဗုဒ္ဓဘာသာအဆောက်ဦးတွေ ဆောက်လုပ်ဖို့အတွက် မွတ်ဆလင်တွေဆီက အလှူပေးတာတွေဟာလည်း ရှိလာခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်ကျောင်းသား သမဂ္ဂနဲ့ မွတ်ဆလင်ကျောင်းသား သမဂ္ဂတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း ဒေသတွင်းငြိမ်းချမ်းရေးနဲ့ သဟဇာဖြစ်ရေးကို ပိုမိုအားကောင်းလာစေခဲ့ပါတယ်။
အထူးသဖြင့် မွတ်ဆလင်တက္ကသိုလ်ကျောင်းသားတွေ ပညာသင်ကြားခွင့်အတွက် ၂၀၁၉-၂၀၂၀ ခုနှစ်တွေမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်လို့ မွတ်ဆလင်ကျောင်းသူတစ်ဦးက ပြောပါတယ်။
“ရိုဟင်ဂျာကျောင်းသားတွေနဲ့အတူ ကျောင်းတက်နိုင်ဖို့အတွက် တချို့ကကျောင်းသားတွေက လက်မခံတာတွေ၊ တချို့က မိဘက လက်မခံတာတွေရှိခဲ့တယ်။ ကျွန်မတို့က မိဘတွေကို စည်းရုံးလို့မရခဲ့ဘူး။ ကျောင်းသားတွေကို စည်းရုံးရတယ်။ အဓိက လူငယ်တွေကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကလည်း စည်းရုံးတယ်။ ကျွန်မတို့ ရိုဟင်ဂျာဖက်ကလည်း စည်းရုံးတယ်။ လိုချင်တဲ့ပန်းတိုင်ကိုတော့ ရအောင်လုပ်ရတာပါပဲ။ အောက်ဆုံးတော့ အောင်မြင်တယ်လို့ ဆိုရမှာ” လို့ပြောပါတယ်။
လက်ရှိအချိန်မှာလည်း ရခိုင်နဲ့ မွတ်ဆလင်ကြားက ဆက်ဆံရေးတွေဟာ ၂၀၁၂ ခုနှစ်အလွန်ကလို ဆက်ဆံရေးမျိုးကို ပြန်မရောက်ပဲ တစ်ဖြည်းဖြည်းအချိန်ယူမှာဖြစ်သလို လူငယ်တွေနဲ့အတူ လူကြီးတွေကပါ လိုက်ပါ ပြောင်းလဲဖို့ လိုနေတယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
သွေးထိုးလှုံ့ဆော်မှု
အခုလိုရခိုင်နဲ့ မွတ်ဆလင်ကြားက ဆက်ဆံရေးအခြေအနေတွေ ပိုပြီးအဆင်ပြေလာကြတယ်လို့ ဆိုကြပေမယ့် တစ်ဖက်မှာလည်း သွေးထိုးလှုံ့ဆော်မှုတွေရှိနေခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီလိုလှုံ့ဆော်မှုတွေဟာ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းလို့ လက်သည်မပေါ်ဘဲ စစ်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်မှာ ဒေသမတည်ငြိမ်အောင်၊ လူမျိုး တစ်မျိုးနဲ့တစ်မျိုး အထင်အမြင်လွဲစေအောင် လှုံ့ဆော်မှုတွေဟာ ခုထိ ရှိနေဆဲပါ။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဒီလို ဖြစ်စဥ်မျိုး ၅ ကြိမ်အထိဖြစ်ပွားခဲ့ပြီး အဲ့ဒီအထဲမှာ မီးရှို့ဖျက်ဆီးတာတွေ၊ အဓမ္မပြုကျင့်ဖို့အားထုတ်မှုတွေ ပါဝင်သလို ရခိုင်နဲ့ မွတ်ဆလင်တွေကို ပစ်မှတ်ထား ဦးတည်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်မှာ ဒေသတွင်း မတူကွဲညီတဲ့ လူမျိုးတွေအပေါ် စစ်ကောင်စီက သွေးထိုးလှုံ့ဆော်တာတွေဟာလည်း ရှိနေပါတယ်။
၂၀၁၃ ခု၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာဆိုရင် “ရခိုင်လူမျိုးတွေသိစေရန်၊ မောင်တောဒေသတွင်း ရခိုင်လူမျိုးတစ်မျိုးတည်းနေတာခြင်းမဟုတ်။ ရခိုင်လူမျိုးတွေ အားပေးထောက်ပံ့မှုကြောင့် AA အဖွဲ့ရဲ့ တိုက်ပွဲဖော်ဆောင်မှုကြောင့် ဒေသတွင်း မတည်မငြိမ်မှု ပေါ်ပေါက်နေတယ်” ဆိုတဲ့စာသားပါတဲ့ စာရွက်တွေကို မောင်တောမြို့ပေါ်မှာ ဖြန့်ဝေခဲ့တယ်လို့ ရခိုင်အခြေစိုက်မီဒီယာတွေက ဖော်ပြကြပါတယ်။
အခုလို ဒေသတွင်းပဋိပက္ခဖြစ်ဖို့ သွေးထိုးလှုံ့ဆော်မှုတွေအပေါ် မောင်တောဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက အခုလိုပြောဆိုထားပါတယ်။
“ပြောရမယ်ဆိုရင် အရင်ခေတ်နဲ့ အခုခေတ်က ဝေးသွားပြီ။ အခုက လူမျိုးတစ်မျိုးနဲ့တစ်မျိုး ယုံကြည်မှုတွေ များလာတယ်။ အခုလူတွေက အမျိုးမျိုးပြောနေကြတာတွေရှိတယ်။ ကောလဟာလ သတင်းတစ်ခုကြောင့် ရခိုင့်တပ်တော်ကို လက်မခံဆိုတဲ့စာကပ်တာတွေရှိခဲ့တယ်။ မောင်တောမြို့မှာ။ ဆိုတော့ လူမျိုးရေးပြဿနာက မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သိသွားကြပြီး ညီအစ်ကိုမောင်နှမတွေဆိုတာကို။ ဒါကို မနာလိုတဲ့လူတချို့က ပြဿနာဖြစ်အောင် လုပ်နေတာလို့ ခံယူကြတယ်။”
ULA-AA ရဲ့အခန်းကဏ္ဍ
၂၀၂၀ -၂၀၂၁ ကာလတွေမှာတော့ ULA-AA လွှမ်းမိုးတဲ့ဒေသတွေမှာ ဘာသာရေး ဗုဒ္ဓဘာသာပွဲလမ်းသဘင်တွေ ကျင်းပရာမှာ မွတ်ဆလင်တွေပါဝင် ယှဥ်ပြိုင်တာတွေ၊ ဘာသာရေးအဆောက်ဦးတွေပြုပြင်ဖို့အတွက် မွတ်ဆလင်တွေထံက အလှူငွေလှူဒါန်းမှုတွေရှိလာခဲ့ပြီး ကူးလူး ဆက်ဆံရေးအပိုင်းမှာလည်း ပိုမိုအဆင်အပြေ လာခဲ့ပါတယ်။
ULA-AA အနေနဲ့ အနာဂတ်မှာ ရခိုင်-မွတ်ဆလင် ဆက်ဆံရေးနဲ့ပတ်သက်ပြီး သီးခြားအစီအမံတွေကိုတော့ လူထုကိုချပြတာတွေမရှိသေးပေမယ့် လည်းရခိုင်ပြည်အတွင်းမှာနေထိုင်တဲ့ လူမျိုးတွေကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာ တဖြစ်ရေးကို ပိုပြီးတော့အလေးထားဆောင်ရွက်လာတာကိုတွေ့ရပါတယ်။
အထူးသဖြင့် ရခိုင်နဲ့ မွတ်ဆလင်တွေကြားက ပဋိပက္ခဖြစ်ပေါ်စေမဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို သတိထား ကိုင်တွယ်ပြီး ချက်ချင်းအသိပေးတာ တွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အထင်ရှားဆုံး သာဓက တစ်ခုကိုပြရရင် ULA-AA ကတပ်သားအဆင့် ၂ ဦးဟာ ဘူးသီးတောင်မြို့နယ်က မွတ်ဆလင်အမျိုးသမီးတစ်ဦးကို အဓမ္မကျုးလွန်တဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျုးလွန်သူ ၂ ဦးကို ထောင်ဒဏ်နှစ် ၂၀ နဲ့ ကြိမ်ဒဏ်ကြီး အချက် ၃၀ ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် မိုခါဆိုင်ကလုန်းမုန် တိုင်းဒဏ်ခံရမယ့် မွတ်ဆလင်ပြည်သူတွေကို ULA-AA အနေနဲ့ ဘေးလွတ်ရာကို ပြောင်းရွေ့ကူညီခဲ့တာတွေ၊ အရေးပေါ် ကူညီ ကယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ULA-AA ရဲ့ ရပ်ကျေးအုပ်ချုပ်ရေး အပိုင်းတွေမှာလည်း မွတ်ဆလင်တွေကို တာဝန်ထမ်းဆောင်စေတာတွေဟာလည်း မတူကွဲပြားမှုအပေါ်မှာ အလေးအနက်ထား ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ဒါပေမယ့် ၂၀၁၂ ခုနှစ် မတိုင်မီအချိန်က ဆက်ဆံရေးလိုမျိုး ပြန်ရောက်ရှိဖို့ကိုတော့ ဖြည်းဖြည်းချင်း တည်ဆောက် ရမယ်လို့ လည်း ပြောဆိုကြပါတယ်။
“အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ၂၀၁၂ အလွန်ကလောက် မဖြစ်သေးဘူး။ အရင်ကတော့ မိသားစုလို ဆက်ဆံရေး မျိုးတွေရှိခဲ့တယ်။ မွတ်ဆလင်နဲ့ရခိုင်ကြားမှာ။ အခုအချိန်မှာတော့ အဲဒီလိုဆက်ဆံရေးမျိုးတွေ ပြန်မဖြစ်လာသေးဘူး။အရင်လို ဆက်ဆံရေးမျိုးကို ပြန်ရဖို့အတွက်ဆိုရင် အများကြီးတော့ ကြိုးစားရအုံးမှာပါ။ ဟု သက္ကယ်ပြင် ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦး ကပြောပါတယ်။
အလင်းစက်တွေ စုစည်းကြဖို့
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေချုပ်ငြိမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာစေဖို့အတွက် အလင်းတစ်စက်လို လူငယ်တွေအဖွဲ့အစည်းတွေ အများကြီးလိုအပ်နေပါသေးတယ်။
စစ်ဘေးဒဏ်တွေ၊ မိုခါမုန်တိုင်းလို သဘာဝဘေးဒဏ်တွေကို ရခိုင်ပြည်အတွင်း နေထိုင်ကြသူတွေအားလုံး ခံစားခဲ့ရသလို အခွင့်အရေးတွေရတဲ့ အခါမှာလည်း အတူတူမျှဝေကြဖို့ဆိုတာ အရေးကြီးတယ်လို့ လူငယ်တွေက ပြောဆိုကြပါတယ်။
အလင်းတစ်စက်ဟာဆိုရင် မတူကွဲပြားတဲ့လူငယ် ၃၀ ကျော်စုစည်းပြီး သူတို့ဒေသရဲ့ အနာဂါတ်မျိုးဆက်သစ်တွေ ကလေးတွေ အတွက် မတူကွဲပြားတဲ့ ယဥ်ကျေးမှု၊ ရိုးရာ၊ ဘာသာရေးယုံကြည်မှုတွေအပေါ် အချင်းချင်းနားလည်နိုင်ပြီး အေးချမ်းတဲ့လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာစေဖို့ မျော်မှန်းလုပ်ဆောင် နေကြတာလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရဲ့ အခြေခံအုပ်မြစ်ဖြစ်တဲ့ စာအုပ်တွေကို ကျေးရွာတွေ အလိုက်ရွေ့လျားပြီးတော့ ကလေးငယ်တွေအတွက် စာကြည့်တိုက် ဖွင့်လှစ်တာကစပြီး မောင်တောဒေသမှာ မတူကွဲပြားတဲ့ ယဥ်ကျေးမှုဓလေ့ စရိုက်တွေနဲ့ ပတ်သက်တဲ့ စင်တာတစ်ခု ဖြစ်ပေါ်လာတဲ့အထိ ကြိုးစားသွားဖို့ မျော်မှန်းနေတယ်လို့လည်း ပြောဆိုကြပါတယ်။
အလင်းတစ်စက်အဖွဲ့ရဲ့ အဖွဲ့ဝင် မွတ်ဆလင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ထွန်းကတော့ “ကျွန်တော်တို့တွေ အခုလိုပရဟိတ စိတ်တွေနဲ့ လုပ်ဆောင်နေတာတွေဟာ ကျွန်တော်တို့အတွက် မဟုတ်ဘူး။ ကျွန်တော်တို့ အနာဂတ်ကလေးတွေ အေးအေးချမ်းချမ်းနဲ့ တစ်ဦးပေါ်တစ်ဦး လေးစားချစ်ခင်ပြီးတော့ နေထိုင်နိုင်ကြဖို့အတွက်ပါ” ပြောဆိုခဲ့ပါတယ်။