Spread the love

ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့အကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ လေးလကျော်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၉ မြို့နယ်အထိ ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာလည်း ရသေ့တောင်မြို့နယ်အတွင်းမှာ အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းအမှတ်(၅၃၆)၊ (၅၃၇)၊ (၅၃၈)တို့ကို AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတချို့ပါဝင်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ ရိုဟင်ဂျာအများစုဟာ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက လူငယ်တွေဖြစ်ပြီး စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတွေ ဖြစ်တယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

စစ်တွေမြို့က အမည်မဖော်လိုသူ ရိုဟင်ဂျာအမျိုးသားတစ်ယောက်က ”အခုရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းတာက လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်နေတာပဲလေ။ နဂိုထဲက ဆက်ဆံရေး သိပ်မကောင်းနေတာကို အခုသူတို့စစ်တပ်ဘက်၀င်ပြီး တိုက်ခဲ့မယ်ဆိုရင် ပြဿနာက ဖြစ်ကိုဖြစ်မှာပဲ။ အဲ့လိုဖြစ်အောင်ကို စစ်တပ်က တမင်သက် သက်ယုတ်မာနေတာ။” လို့ ပြောပါတယ်။

စစ်တွေမြို့နယ်ထဲက ရိုဟင်ဂျာရွာတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်သင်တန်းတက်ဖို့ ကျေးရွာတာဝန်ခံတွေကတစ်ဆင့် အတင်းအဓမ္မ လူစုခိုင်းခဲ့တာ ဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာတော့ သူတို့ဟာ နိုင်ငံသားမဟုတ်တဲ့အတွက် အဲဒီသတင်းတွေက မှန်ကန်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ဖိအားပေးပြီး ရက္ခိုင့်တပ်တော်(AA) ကို အလိုမရှိကြောင်း ဆန္ဒပြခိုင်းခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၂၁ နဲ့ ၂၂ ရက်တွေက ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ “စစ်တွေမြို့ကို ကာကွယ်ကြ”၊ “ပြည်တွင်းစစ်ကို အလိုမရှိ” ၊ “AA သောင်းကျန်းသူအဖွဲ့ အလိုမရှိ” စတဲ့ စာသားတွေ ရေးသားထားတဲ့ ကဒ်ထူပြားတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ မတ်လ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာ ၇ဝဝ ဝန်းကျင်ဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်ကို ကာကွယ်ကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ကိုသူရဌေး ဟာ စစ်ကောင်စီက အုပ်စုတစ်စုကို ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံပါက လူမျိုးရေးမုန်းတီးမှု ပိုမိုဆိုးရွားစေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေကို ဆန္ဒမပြပါက စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရက္ခိုင်တပ်တော် AA ကတော့ စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ သူတို့ရဲ့ရှုံးနိမ့်နေမှုကို အာရုံလွဲ သွားစေဖို့ ထိလွယ်ရှလွယ် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်အောင် အားစိုက်ကြိုးပမ်းလျက်ရှိကြောင်း၊ ဘူးသီးတောင်မြို့အခြေစိုက် စကခ(၁၅)မှ အဓိကကြိုးကိုင်ပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ပြီး ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြောင်း၊ ရခိုင်ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးထောင်ချောက်ထဲ သက်ဆင်းမသွားစေဖို့ သမိုင်းအတွေ့အကြုံ၊ သင်ခန်းစာတွေနဲ့ သတိထားနေထိုင်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရက်တိုစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းပြီး ရသေ့တောင်မြို့တိုက်ပွဲမှာ ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမှာဖြစ်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

စစ်တွေမြို့မှ အသက် ၄၃ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ယောက်က “ကျနော်အနေနဲ့တော့ အနည်းနဲ့အများ နှစ်ဦးကြား(လူမျိုးနှစ်ခုကြား) အဆင်ပြေနေတာတွေ ပြန်လည်ထိခိုက်နိုင်တယ်လို့ မြင်တယ်။ ဘာလို့လဲဆို အခုဆိုကြည့် ဘူးသီးတောင်မှာ ဆန္ဒတွေပြလာကြတယ်။ ရခိုင်တွေက AA ကို ထောက်ခံတယ်။ ရိုဟင်ဂျာတွေက AA ကို အလိုမရှိဘူးဆိုတော့ အခြေအနေတွေ တင်းမာလာနိုင်တာပေါ့ဗျာ။” လို့ သူ့အမြင်ကို ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တစ်ယောက်ကတော့ ရိုဟင်ဂျာတွေကို စစ်တပ်ထဲ အတင်းအကြပ် သိမ်းသွင်းတာဟာ ရခိုင်နဲ့ ရိုဟင်ဂျာလူမျိုးနှစ်စုကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပျက်ပြားစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေက လုပ်ဆောင်ခဲ့တဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးတက်မှု မှန်သမျှကို စစ်ကောင်စီရဲ့ လုပ်ရပ်မှုတွေကြောင့် ထိခိုက်စေနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၁၂ လူမျိုးရေးပဋိပက္ခကြောင်း ဆက်ဆံရေးတင်းမာခဲ့ကြတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းကြားမှာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကစပြီး ဆက်ဆံရေးက အကောင်းဖက်ကို ပြန်လည်ဦးတည်လာခဲ့ပါတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ သဘောထားအမြင်တွေ သိသိသာသာ ပြောင်းလဲလာပြီး ကူးလူးဆက်ဆံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်မြင်တွေ့ လာရပါ တယ်။

ရခိုင်နဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းနှစ်ရပ် ပြေလည်ရေး ကြားဝင်လုပ်ဆောင်နေတဲ့ ရက္ခိုင့်တပ်တော် (AA)ရဲ့ အခန်းကဏ္ဍာက အလွန်အရေးပါလာတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လူမျိုးစုနှစ်ခုအကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်မှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် အမုန်းဒေါသတွေ ပိုများခဲ့ရတယ်လို့ ကျောက်တော်မြို့က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းက ရခိုင်လူမျိုး ကျောင်းအုပ်ဆရာကြီး ဦးစောလွင်က ဆိုပါတယ်။

“ကျနော့်အထင်ပြောရရင် AA ရဲ့ အခန်းကပိုပြီး အရေးပါလာတယ်။ ကျနော်တို့ကြီးပြင်းတဲ့ ဒေသတလျှောက်မှာဆိုရင် စစ်ကောင်စီက ရခိုင်နဲ့ မွတ်စလင်အသိုင်းအဝိုင်းကို လူမှုရေးပဋိပက္ခ ဖြစ်အောင်လုပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အမုန်းဒေါသတွေက ပိုပြီးများတယ်။ ရခိုင်တပ်တော်ပေါ်လာပြီးနောက်ပိုင်း ရခိုင်နဲ့ ရိုဟင်ဂျာအကြားပိုပြီးတော့ လူမှုရေးသဟဇာတ ဖြစ်လာတယ်။

၂၀၁၂ မတိုင်မီ အခြေအနေကို တဖြည်းဖြည်းချင်း ပြန်ပြီး ရောက်လာမယ့် အနေအထားရှိပါတယ်။” လို့ ဦးစောလွင်က ပြီးခဲ့တဲ့ ဇန်ဝါရီလမှာ ပြောဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ၂၀၂၂၊ ဇူလိုင် ၉ ရက်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ “ကုရ်ဘာနီနေ့” အထိမ်း အမှတ်အဖြစ် ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာအမျိုးသား ၈ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာရွာ ၁၁ ရွာက ဒေသခံပြည်သူ ၄၅၀ အတွက် အဝတ်အထည်တွေ လှူဒါန်းပေးခဲ့ပါသေးတယ်။

ရက္ခိုင့်တပ်တော် (AA)ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနဲ့ အင်တာဗျူးမှာ ရိုဟင်ဂျာတွေကို အုပ်ချုပ်ရေးကဏ္ဍတွေ၊ ရဲလုပ်ငန်းတွေမှာ ပါဝင်လာဖို့ မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ရခိုင့်တပ်တော် AA က ရခိုင်နဲ့ ရိုဟင်ဂျာလူမျိုးစုနှစ်ခုကြားမှာ သဟဇာတဖြစ်လာဖို့ ဘောလုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး စည်းရုံးလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း စစ်ရေး၊ အုပ်ချုပ်ရေးဩဇာ လွှမ်းမိုးထားနိုင်တဲ့ AA ရဲ့ ဦးဆောင်မှုအောက်မှာ ရခိုင်လူမျိုးတွေဟာ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အပြုသဘောဆောင် ဆက်ဆံလာကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာလထဲမှာ ရခိုင်စစ်ပွဲဆန့်ကျင်ရေးတောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ ရခိုင်တက္ကသိုလ် ကျောင်းသားသုံးယောက်နဲ့အတူ ရပ်တည်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူတူးပါလောင်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ တွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေကြားမှာရှိခဲ့တဲ့ ပြဿနာတချို့ကို ဘေးဖယ်ထားပြီး ပြန်လည်သဟဇာတဖြစ် သင့်မြတ်ဖို့ ရည်ရွယ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ကလည်း ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော်ခဲ့တဲ့အပေါ် ကြိုဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၂ မှာတော့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာကျောင်းသားတွေ ဆယ်နှစ်တာ တက်ရောက်ခွင့်မရရှိခဲ့တဲ့ စစ်တွေ တက္ကသိုလ်မှာ ရိုဟင်ဂျာကျောင်းသားတွေ ပြန်တက်ရောက်ခွင့်ရအောင် ရခိုင်ကျောင်းသားသမဂ္ဂက ရိုဟင်ဂျာ ကျောင်းသားသမဂ္ဂနဲ့လက်တွဲကာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

နှစ်ဖက်လူ့အဖွဲ့အစည်းကြားက ချစ်ကြည်ရင်းနှီးမှုတွေကို ပေါ်လွင်ထင်ရှားစေတဲ့ တခြားသော ဖြစ်စဥ်တွေလည်း ရှိပါသေးတယ်။

မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်က ပေါ်တော်မူဘုရားပေါင်း ဘုရားအနေကဇာတင်ပွဲမှာ ရိုဟင်ဂျာနဲ့ ရခိုင် တို့ကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်ပြီး ရခိုင်ရိုးရာကျင်ပွဲနဲ့ ရိုဟင်ဂျာကျင်ပွဲကို ထည့်သွင်းခဲ့ကြပါတယ်။

အဲဒီဘုရားပွဲတော်မှာ ကံဖေတိုက်နယ်အတွင်းက ရခိုင်ရွာ ၁၄ ရွာနဲ့ ရိုဟင်ဂျာရွာ ၄ ရွာက ဒေသခံအားလုံး ပူးပေါင်း ပါဝင်ဆင်နွှဲခဲ့ကြပြီး အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတွေက တတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်ထဲက ဖွဲရာကုန်း ဒုက္ခသည်စခန်းမှာ အဲဒီစခန်းရဲ့ တာဝန်ခံဖြစ်သူ အုစ်ဖာန်ဂေါ်နီဟာ ၂၀၁၂ ကနေ ၂၀၂၂ အထိ ဆယ်နှစ်တာကာလအတွင်း စခန်းထဲက ဆယ်ကျော်သက် ကလေးငယ်တွေ၊ မုဆိုးမတွေ၊ အိမ်ထောင်ရှင် အမျိုးသမီးတွေနဲ့ စိတ်ကျန်းမာရေးချို့တဲ့သူတွေ အပါအဝင် အမျိုးသမီး ၄၅ ယောက်ကို တုတ်၊ ဓားပြ ခြိမ်းခြောက်ကာ အတင်းအဓမ္မပြုကျင့်ခဲ့ပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး နစ်နာသူ ရိုဟင်ဂျာအမျိုးသမီးတွေကို တရားမျှတမှုရရှိအောင် စစ်တွေအခြေစိုက် ရခိုင်အမျိုးသမီးအဖွဲ့အစည်း ၅ ဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

နှစ်ဖက်အသိုင်းအဝိုင်းဆက်ဆံရေး အထိုက်အလျောက် ပြန်လည်ကောင်းမွန်လာတာကြောင့် အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတွေရဲ့ အစ်ပွဲတော်မှာလည်း ရခိုင်မိတ်ဆွေတွေ လာရောက်လည်ပတ်တာတွေ ရှိလာခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေဟာ လူ့အဖွဲ့အစည်းနှစ်ခုအကြားက အမုန်းတရားတွေကို ချေဖျက်ပေးပြီး အရင်လို သဟ ဇာတရှိရှိ သင့်သင့်မြတ်မြတ် ပြန်လည်နေထိုင်ရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေတယ်လို့ ရခိုင်ပြည်သူတချို့က သုံးသပ်ပြောဆိုထားကြပါတယ်။

AA ရဲ့ ဦးဆောင်မှုအောက်မှာ နှစ်ဖက်အသိုင်းအဝိုင်းက အပြန်အလှန် တည်ဆောက်ခဲ့ကြလို့ ပြန်လည်ကောင်းမွန် လာတဲ့ ဆက်ဆံရေးဟာ ပဋိပက္ခဖြစ်ပွားအောင် ဖန်တီးနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စစ်တွေအခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းတစ်ခုမှ ရခိုင်အမျိုးသမီးတစ်ယောက်က ဆိုပါတယ်။

စစ်တွေမြို့နယ်၊ သက္ကပြင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ယောက်ကတော့ အခုလို မှတ်ချက်ပြုပါတယ်။

“ကျနော်ကတော့ အကုန် စစ်ပွဲတွေလည်း ပြီးစေချင်တယ်ဗျာ။ ရခိုင်နဲ့ ရိုဟင်ဂျာတွေတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ ပိုလိုတယ်။ ဒါတွေအားလုံးက စစ်တပ်က လုပ်နေတယ်ဆိုတာကို ရခိုင်ပြည်သူတွေ အားလုံးသိစေချင်တယ်။ AA နဲ့ စစ်တပ်ရဲ့ တိုက်ပွဲကြားမှာ ကျနော်တော့ ပြည်သူတွေ မညှပ်နေစေချင်ဘူးဗျာ။”

Leave a Reply

Your email address will not be published. Required fields are marked *