Spread the love

မန္တလေး၊ ဇူလိုင်(၅)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က စစ်ကောင်စီတပ်စခန်း(၂)ခုကို ထပ်ပြီး သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းက နွယ်ရုံရဲစခန်း၊ ရွှေမာလဲစေတီတပ်ခစန်း၊ ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ ရှင်းလင်းဆောင်တပ်စခန်း နဲ့ ရွာတော်လေးတပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပြီးနောက် ပင်လယ်ကြီးစခန်းနဲ့ စားကျက်ရွာ ပျူစခန်း (၂)ခုကို မနေ့က(ဇူလိုင်၄)ရက်နေ့မှာ ထပ်ပြီးသိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ပန်လှရွာ ပင်လယ်ကြီးစစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် (၂၀)ကျော် ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုစစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လက်ပန်လှရွာ အတွင်းက အမျိုးသမီး(၃)ယောက် သေဆုံးခဲ့ရပါတယ်။

ပင်လယ်ကြီးရွာ စခန်းကို သိမ်းပိုက်ရရှိခဲ့တဲ့ တိုက်ပွဲမှာ ပျူစောထီးအဖွဲ့ဝင် (၃၀)ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စခန်းစွန်ခွာ ထွက်ပြေးခဲ့ပြီး စဉ့်ကူးမြို့နယ်အတွင်းက လက်ကျန်စစ်သားတချို့နဲ့ ပူးပေါင်းကာ ခံစစ်ပြင်ဆင်ထားတယ်လို့ သတင်းမှန် ပြန်ကြားရေး (စဉ့်ကူး)က ဖော်ပြထားပါတယ်။

ဇွန်(၂၅)ရက်က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အဖြစ် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် နဲ့ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့ပြီး စဉ့်ကူးမြို့နယ် မြောက်ဘက်ခြမ်းနဲ့ သပိတ်ကျင်းမြို့နယ် ရွာတွေမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်နေခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *